၂၀၂၁ ခုနှစ်၊ မေလ ( ၁၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် စာရင်းအင်းအချက်အလက်ပြုစုခြင်းနှင့်သုံးသပ်တင်ပြခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)၌ ကျင်းပပြုလုပ်သည့် Microsoft Office (Excel) ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်၊၊
အဆိုပါ ဖွင့်ပွဲအခမ်းအနားများသို့ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်း များမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားများတွင် ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု (Human Resource Development) သည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက် ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက် စေရန်အတွက် ပြည်တွင်း/ပြည်ပ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများသို့ စေလွှတ် တက်ရောက်စေခြင်းအပြင် မိမိတို့ ဝန်ကြီးဌာနအတွင်း၌ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာတမ်း ဖတ်ပွဲများ ဖွင့်လှစ်ပို့ချခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ လုပ်ငန်းဌာနများမှ စာရင်းအင်းဆိုင်ရာ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရာထမ်း/ အမှုထမ်းများအား စာရင်းအင်းအချက်အလက်များကို မှန်ကန်စွာ ကောက်ယူနိုင်ရန်၊ စာရင်းအင်း အရည်အသွေး ပြည့်ဝစွာဆောင်ရွက်နိုင်ရန်နှင့် စိစစ်သုံးသပ်ခြင်းများကို ကျွမ်းကျင်စွာ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ စာရင်းအင်းအချက်အလက်ပြုစုခြင်းနှင့်သုံးသပ်တင်ပြခြင်း သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံဖြစ်သည့် စာရင်းအင်းများ ရှေ့နောက် ညီညွတ်မှုရှိစေရန်၊ အချိန်မီရရှိရန်၊ ယုံကြည်ကိုးစားနိုင်မည့် ခိုင်မာသည့် စာရင်းအင်းများရရှိရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် စာရင်းအင်းများ ရရှိမှသာ နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို မှန်ကန်စွာ သုံးသပ်ရှုမြင်နိုင်မှာ ဖြစ်ပြီး ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လက်တွေ့ကျသည့် မူဝါဒများကို ချမှတ်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ပုံရိပ်ကို ဖော်ပြနိုင်ပြီး တစ်ဖက်မှာလည်း အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှုကို တိုးမြှင့်စေနိုင်ကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများရုံးလုပ်ငန်းများကို IT နည်းပညာများအသုံးပြု၍ ထိရောက် မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ဌာနအသီးသီးတွင် စာရွက်စာတမ်း အသုံးပြုသည့် စနစ်မှ ကွန်ပျူတာသုံးသည့် စနစ်သို့ နည်းစနစ်တကျ ပိုမိုအသုံးချပြီး Paperless စနစ်သို့ဦးတည်ရန်၊ Database များကို Excel ဖြင့် စနစ်တကျ သိမ်းဆည်း သွားနိုင်ရန် ရည်ရွယ်၍ Microsoft Office (Excel) ကျွမ်းကျင်မှုသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေး အပိုင်း၌ Career Development Plan ကို အထောက်အကူပြုသည့် Educational Approach ကို ဦးစားပေးတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ၏ စွမ်းအား(Ability)နှင့် စွမ်းဆောင်ရည် (Capacity) တို့သည်အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သောကြောင့် ယခုကဲ့သို့ သင်တန်းမျိုး ကို လုပ်ငန်းခွင်မပျက် ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ တစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား လာစေမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သတ်မှတ်ထားသည့် သင်တန်း စည်းကမ်းများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှCOVID-19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များကို အထူးဂရုစိုက် ဆည်းပူး လေ့လာသင်ယူကြစေလိုကြောင်း၊ မရှင်းလင်းသည့်အချက်များရှိလျှင် သင်တန်းနည်းပြများကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုရသည့် ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်း(၂)ခုအနက် စာရင်းအင်းအချက်အလက်ပြုစုခြင်းနှင့် သုံးသပ် တင်ပြခြင်းသင်တန်းအား (၁၀-၅-၂၀၂၁)ရက်နေ့မှ (၂၁-၆-၂၀၂၁)ရက်နေ့အထိ ရက်သတ္တပတ် (၅) ပတ်နှင့် (၂၈-၆-၂၀၂၁)ရက်နေ့မှ (၁၀-၈-၂၀၂၁)ရက်နေ့အထိ၊ ရက်သတ္တပတ်(၆)ပတ် သင်တန်းသား (၂၂)ဦးဖြင့်လည်းကောင်း၊ Microsoft Office (Excel) ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂)အား (၁၀-၅-၂၀၂၁) ရက်နေ့မှ (၁၆-၇-၂၀၂၁) ရက်နေ့အထိ ရက်သတ္တပတ်(၁၀)ပတ်သင်တန်းသား(၂၀)ဦးဖြင့် လည်းကောင်း၊ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ် ပါသည်။