၂၀၂၁ ခုနှစ်၊ မေလ ( ၂၂ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးတို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)၊ မြောင်းတကာပင်မ ဓာတ်အားခွဲရုံနှင့် မင်္ဂလာဒုံမြို့နယ်ရှိ အသုံးချသုတေသနဓာတ်ခွဲခန်း (ထောက်ကြန့်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄)ဓာတ်မြေဩဇာ စက်ရုံ (မြောင်းတကာ)သို့ရောက်ရှိပြီး စက်ရုံဝင်းအတွင်း တည်ထားကိုးကွယ်မည့် ဉာဏ်တော် (၁၈)တောင် ရှိ ရွှေတိဂုံစေတီတော်ပုံတူ အောင်မြေလောကရန်ကင်း စေတီတော် ပန္နက်တင်နှင့် အုတ်မြစ်စီမင်္ဂလာအခန်းအနားသို့ တက်ရောက်ခဲ့ပါသည်။ မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများသည် ကိုးပါးသီလခံယူ ဆောက်တည်ကာ စေတီတော်တည်ထားကိုးကွယ်မည့် သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တင်ခြင်းနှင့် အုတ်မြစ်စီခြင်းအခမ်းအနားအား တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ စက်ရုံရှင်းလင်းခန်းမဆောင်၌ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းကြောင်း၊ ဝန်ထမ်းအင်အား အခြေအနေ၊ ယူရီးယားဓာတ်မြေ ဩဇာထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ကုန်ထုတ်လုပ်မှုအခြေအနေ၊ စက်ရုံအမြန် ပြန်လည်လည်ပတ်နိုင်ရေး ပြုပြင်မွမ်းမံ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မကြာမီစိုက်ပျိုး ရာသီရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာများ ဖြည့်ဆည်းနိုင်ရေးအရည်အသွေး ပြည့်၀သည့် ဓာတ်မြေသြဇာများ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် စက်ရုံပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ စက်ရုံပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့်ဝန်ထမ်းများအား ဂုဏ်ပြုအပ်ပါကြောင်း၊စက်ရုံ ပြန်လည် လည်ပတ်နိုင်ခြင်းကြောင့် ဝန်ထမ်းများ၏ ကာယဉာဏစွမ်းအားများကို နိုင်ငံတော်အတွက် အကျိုးရှိစွာ အသုံးချနိုင်သလို မိမိတို့ဌာနအတွက်လည်း အကျိုးအမြတ်ရရှိစေနိုင်မည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများ ကြံ့ခိုင်မှုရှိစေရေး၊ ထုတ်ကုန်များအရည်အသွေး ပြည့်မီစေရေး၊ စီးပွားရေးအရ တွက်ခြေကိုက်ပြီးအောင်မြင်သည့် စက်ရုံတစ်ရုံဖြစ်စေရေး၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်ရုံ၏ လုံခြုံရေးတို့ကို စနစ်တကျ စီမံချက်ချမှတ်ဆောင်ရွက်ရေးနှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး တာဝန်ရှိသူအဆင့်ဆင့်မှ ဝိုင်း၀န်းကြပ်မတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် ထည့်သွင်းမှာကြားပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းစဉ်(Roadmap)နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု၊ စက်ရုံ လုံခြုံရေးနှင့် သက်သာချောင်ချိရေး ပံ့ပိုးပေးနိုင်မည့်အခြေအနေများအားလည်းကောင်း လမ်းညွှန် မှာကြားခဲ့ပြီး စက်ရုံအတွင်းရှိ ယူရီးယားဖြန့်ဖြူးရေးဌာနတွင် ယူရီးယား ဓာတ်မြေ ဩဇာများ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ ပင်မထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံထိန်းချုပ်လည်ပတ်နေမှု၊ဓာတ်ခွဲခန်းများတွင် အရည်အသွေး တိုင်းတာစစ်ဆေးနေမှု နှင့် ယူရီးယားဓာတ်မြေသြဇာ ထုတ်ပိုးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မြောင်းတကာပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၅၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့အားလည်းကောင်း ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က ၂၃၀ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းကို မြောင်းတကာပင်မဓာတ်အားခွဲရုံတွင် အဝင်/အထွက်ပြုလုပ်ရန် တည်ဆောက်မှု လုပ်ငန်း အစီအမံများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အား ပြတ်တောက်မှု အနည်းဆုံးဖြစ်စေရေးနှင့် ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအချိန်နှင့်တပြေးညီ ပြီးစီးရေး နှင့်ပတ်သက်၍ လမ်းညွှန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေ၊ Switch Yard အတွင်း တည်ဆောက်လျှက်ရှိသော ၂၃၀ကေဗွီ ရွှေတောင်-မြောင်းတကာဓာတ်အားလိုင်းအား ပြုပြင်တည်ဆောက်နေမှုနှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၅၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အသုံးချ သုတေသနဓာတ်ခွဲခန်း(ထောက်ကြန့်)သို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး အတွက် အသုံးချသုတေသနဓာတ်ခွဲခန်း၏ အရေးပါမှု၊ သုတေသနဌာနခွဲများအလိုက် ဆောင်ရွက်နေမှု ၊ ဓာတ်ခွဲခန်းများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများအတွက် Sample များ သိမ်းဆည်းထားမှုအခြေအနေနှင့် နိုင်ငံတကာအဆင့်မီ အသုံးချသုတေသန ဓာတ်ခွဲခန်းအဖြစ် အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ရေနံစူးစမ်းရှာဖွေရာတွင် ကောင်းမွန်သည့် ရလာဒ်များထွက်ရှိရန် ခေတ်နှင့်အညီ စဉ်းစား၍ ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဓာတ်ခွဲသုတေသနပြုမှုနှင့်ပတ်သက်၍ မျိုးဆက်သစ် ဝန်ထမ်းများအား သင်တန်းများပို့ချပေးရန်နှင့် နည်းပညာများအား လက်ဆင့်ကမ်းမျှဝေပေးရန် လိုအပ်ကြောင်း၊ ရေနံရှာဖွေ တူးဖော်ထုတ်လုပ်ခြင်းအတွက် ဆိုက်စမစ်တိုင်းတာခြင်း၊ တွင်းတူးဖော်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်သလို ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးနေသော အသုံးချသုတေသနဌာနအား တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး သုတေသနဌာနခွဲအတွင်း ဓာတ်ခွဲခန်း များအလိုက် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် Core Sample များ ထားရှိသည့် ဂိုဒေါင်အတွင်း Core Sample များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။