The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း သန်လျင်မြို့နယ်ရှိ သန်လျင်သဘာဝ ဓာတ်ငွေ့ထိန်းဖြန့်စခန်း နှင့် အမှတ်(၀၁၈)မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် ပြောင်းရွေ့ဖွင့်လှစ်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေး

 ၂၀၂၁  ခုနှစ်၊ မေလ (  ၂၃  ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် ၂၀၂၁ ခုနှစ်၊ မေလ(၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း ၊ သန်လျင်မြို့နယ်ရှိ သန်လျင်သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းနှင့် အမှတ်(၀၁၈)မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ပြောင်းရွေ့ဖွင့်လှစ်မည့် မြေနေရာတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းနှင့်  စခန်းတာဝန်ခံ အထွေထွေမန်နေဂျာ တို့က ကမ်းလွန်ရေနံ အခြေစိုက်စခန်း (သာကေတ)သည် ကုန်းတွင်းနှင့် ကမ်းလွန်ရေနံရှာဖွေတူးဖော်ထုတ်လုပ် ခြင်းများအောင်မြင်စွာပြုလုပ်နိုင်စေရန် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ၊ ကုန်တွင်းနှင့် ကမ်းလွန်ရေနံ ရှာဖွေ တူးဖော်ထုတ်လုပ်သည့် ပြည်တွင်း/ ပြည်ပမှ ဝယ်ယူထားသော လုပ်ငန်းသုံးပစ္စည်းများအား လက်ခံ သိုလှောင်၍ လိုအပ်သည့် နေရာဒေသများသို့ ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး နေသော Offshore Supply Base တစ်ခုဖြစ်ပါကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝ ဓာတ်ငွေ့ထိန်း/ဖြန့်စခန်းများ၊ အသုံးချသုတေသန၊ ပိုက်လိုင်းအခြေစိုက်စခန်းများ၊ အောက်မြန်မာပြည် ရေနံမြေအစမ်းတွင်းဒေသများတွင် တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ ထောက်ပံ့ပို့ဆောင်ပေးခြင်း လုပ်ငန်းများနှင့် လုပ်ငန်းပိုင်သင်္ဘောများ လွန်းတင်ပြုပြင်ခြင်း လုပ်ငန်းများအား ထောက်ပံ့ ကူညီဆောင်ရွက်လျက်ရှိ ပါကြောင်း ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းလွန်အခြေစိုက် စခန်းအတွင်းရှိ ဆိပ်ခံတံတားများ အဆင့်မြှင့်တင် တည်ဆောက်နေသည့် စီမံကိန်း လုပ်ငန်းနေရာများ ၊ ရေလုံသင်္ဘောကျင်း (Dry Dock)၊ ပစ္စည်းစီမံ ဌာနပိုက်စင်နှင့် ဂိုဒေါင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

               ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သန်လျင်သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းနှင့် အမှတ်(၀၁၈) မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် (CNG) ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာသို့ ရောက်ရှိရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးဥာဏ်ထွန်း ၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင် (၃၄)ဆိုင် မှ  မော်တော်ယာဉ်အစီးရေ (၂၀၀၀၀) ခန့်အား  နေ့စဉ် သဘာဝဓာတ်ငွေ့များ ဖြည့်တင်း ရောင်းချနေမှုအခြေအနေ၊ CNG အရောင်းဆိုင် ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေး ရန်ပုံငွေလျာထားမှု အခြေအနေ၊ လုံခြုံရေးဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံ များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော Standard Operating Procedure (SOP) များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ရှိ ဝန်ထမ်းများမှ ပြည်သူသို့ ဓာတ်ငွေ့များဖြန့်ဖြူးရောင်းချရာတွင် ဆက်ဆံရေး ပြေပြစ်စွာဖြင့် ပြောဆို ဆက်ဆံကြရန်နှင့် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ် ကြောင်း မှာကြားခဲ့ပြီး အရောင်းဆိုင်တွင်  အသုံးပြုမည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်၍  ဓာတ်အားဖြန့်ဖြူးပေးမည့်အခြေအနေတို့အား ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
23-May-2021