၂၀၂၁ ခု နှစ်၊ ဇွန်လ ( ၂၀ ) ရက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဦးစီးဌာန/လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေး၊ ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ ဗို့အား ပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်လည်း တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများအား သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိုးရာသီကာလရောက်ရှိနေပြီဖြစ်သဖြင့် ပြည်သူများသို့ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ပညာပေးသတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာအနေဖြင့် Covid-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ဖြေလျှော့မှုဖြစ်စေရန် ပြည်သူလူထုသို့ (၁၅၀)ယူနစ် အခမဲ့ သုံးစွဲခွင့်ပြုခဲ့သည့် အတွက် တစ်လလျှင် (၃၅)ဘီလီယံခန့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်သုံးစွဲမှုများကို ကာမိစေရန် ပျောက်ဆုံးယူနစ်များ ကျဆင်းသွားအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဝန်ဆောင်မှုပေးသွားရန်နှင့် နည်းလမ်းမျိုးစုံဖြင့်စဉ်းစား၍ စီမံဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူလုထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အား များ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ အပေါ် စိတ်ဝင်စားစွာဖြင့် သစ္စာရှိရှိ၊ စေတနာရှိရှိ အဂတိတရား ကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။
၎င်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ ခရိုင်အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အား တိုးတက်သုံးစွဲမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန် အတွင်းရှိ ပုဂ္ဂလိကပိုင်ဒေသန္တရရေနံချက်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက စက်ရုံ တည်ဆောက် ထားရှိမှု၊ စမ်းသပ်လည်ပတ်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်က ဖြည့်စွက်ရှင်းလင်း တင်ပြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်သုံးဆီများအား အရည်အသွေးပြည့်ဝပြီး သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ ချက်လုပ်သွားရန်လိုအပ်ကြောင်း၊ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသည့် ပုဂ္ဂလိက၊ဒေသန္တရ ရေနံချက်စက်ရုံများကို အားပေးပါကြောင်း၊ အခြားတရားမဝင် သော နည်းလမ်းများဖြင့် ဆောင်ရွက်နေကြသည်များကိုလည်း ယခုကဲ့သို့ လိုက်ပါ လုပ်ဆောင်လာ စေရန် တိုက်တွန်း ပြောကြားပေးစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှလည်း လိုအပ်သည်များကို ဝိုင်းဝန်း ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ရေနံချက် စက်ရုံအတွင်း လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။