The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှူးများမှ ခွဲရုံများ၏ ဝန်အားသုံးစွဲမှုအခြေအနေ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၂၀၂၁  ခုနှစ်၊   ဇွန်လ  ( ၂၆ ) ရက်                  

               ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှူးများမှ ခွဲရုံများ၏ ဝန်အားသုံးစွဲမှုအခြေအနေ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ ပင်မ ဓာတ်အားခွဲရုံမှူးများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက အဖွင့်အမှာစကား ပြောကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်(၁၅%) တိုးတက်နေသည့်အတွက် အဆိုပါဓာတ်အားတိုးတက်သုံးစွဲမှုများကို  ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ဓာတ်အား ထုတ်လုပ်မှု အပိုင်းအပြင် ဓာတ်အားဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲမှု တိုးမြင့်လာသည်နှင့်အမျှ ဓာတ်အားခွဲရုံ များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ သက်တမ်းကြာမြင့်နေပြီဖြစ်သော ဓာတ်အား ခွဲရုံများနှင့် ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက် ကြစေလိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍဖြစ်သည့် အလျောက် မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေရကြောင်း၊ ပြည်သူများ အဓိက လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ထုတ်လုပ်ပို့လွှတ်/ဖြန့်ဖြူးပေးနိုင်ရေး တက်ညီ လက်ညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထု ထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးဖြင့် လုံလောက်ပြီးတည်ငြိမ်သည့် ဗို့အားပြည့်ဝစွာ အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ၎င်းအပြင် တိုးတက်သုံးစွဲလာမည့် စက်မှုဇုန်များအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူး ပေးပို့နိုင်ရေး ခွဲရုံများတွင် တိုးချဲ့တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ် ဓာတ်အားများကို ပို့လွှတ်ရာတွင်လည်း ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများအတိုင်း သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိအောင် ပို့လွှတ်သည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိနေစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ၊ ဓာတ်အား လေလွင့်ဆုံးရှုံးမှု လျော့ချရေး တို့ အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဓာတ်အား ခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဓာတ်အားပိတ်၍ ဆောင်ရွက် ရပါက ပြည်သူသို့အသိပေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီထံတင်ပြ၍ ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများ ရေရှည် တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးတို့အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးတို့အား စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့် အခြေအနေတို့မှ ကာကွယ် နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ ပါသည်။  

               ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံများနှင့် သက်ဆိုင်သော အချက်အလက်များ၊ ဓာတ်အားလိုင်းများနှင့် ထရန် စဖော်မာများတွင် အမြင့်ဆုံးဝန်အားသုံးစွဲခဲ့သည့် အခြေအနေများ၊ ဖြန့်ဖြူးထားရှိသည့် အခြေအနေ၊ လိုင်းအပြစ်ဖြစ်ပေါ်မှုများ၊ နှစ်အလိုက် ရောင်းချယူနစ်စာရင်းအခြေအနေ များအား ရှင်းလင်း တင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရ က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
26-Jun-2021