၂၀၂၁ ခုနှစ်၊ ဇွန်လ ( ၂၈ ) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာ များ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လက်ရှိ ကာလတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၉၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိသည့် အနက် ရန်ကုန်တိုင်းဒေသကြီးသည် အမြင့်ဆုံးဓာတ်အား ၁၅၈၉.၁၃ မဂ္ဂါဝပ်ခန့်ကို သုံးစွဲလျက် ရှိသည့်အတွက် တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး သုံးစွဲလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ် ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကကျကြောင်း၊ သို့ဖြစ်ပါ၍ ဖြန့်ဖြူးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကိုလည်း စိတ်ချယုံကြည်ရသော အရည်အသွေးပြည့်ဝပြီး ဗို့အားတည်ငြိမ် သော လျှပ်စစ်ဓာတ်အားများကို စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း၊ ထိုသို့ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း စနစ်တကျ ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ဟန်ချက်ညီညီ စီမံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့ကိုလည်း အလေးအနက်ထား ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ မိုးရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဓာတ်အားလိုင်းများတစ်လျှောက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် လိုအပ်သောနေရာများတွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားခ ကောက်ခံခြင်းများကိုလည်း အမြန် ကောက်ခံရရှိနိုင်ရန် မြို့နယ်/ခရိုင်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများမှ အနီးကပ်ကြပ်မတ်၍ ကြွေးကျန်မရှိစေရေး ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း၊ ဓာတ်အားခများ ကြွေးကျန်မရှိစေရေး ကိစ္စရပ် များကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၄င်းအပြင် မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လိုအပ်ချက်များကို ကြိုးစားပြီးဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူကို လေးလေး စားစား ဆက်ဆံရန်နှင့် ပြည်သူ လူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန်နှင့် မိမိတို့ဝန်ကြီး ဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု အခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က ရန်ကုန်မြို့အတွင်း ဆောင်ရွက်ဆဲ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများ၏ လုပ်ငန်းတိုးတက် ဆောင်ရွက်နိုင်မှုအခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ် ကမ်းနားလမ်းရှိ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ ပစ္စည်းစီမံရေးဌာနများသို့ ရောက်ရှိပြီး စီမံကိန်း လုပ်ငန်းအသီးသီးအတွက် အသုံးပြုရန်နှင့် မဟာဓာတ်အားလိုင်းမှူးရုံး၊ ပင်မဓာတ်အားခွဲရုံများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများအတွက် စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ထရန် စဖော်မာများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။