The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး လိုအပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၁၉ ) ရက်

               စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး အတွက်လိုအပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော် အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်၊ ဦးကိုကိုလွင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

               အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ အမှတ်(၁)နှင့်(၂)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဌေး၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်းတို့က စက်ရုံများအနက် ပထမအဆင့် ပြန်လည်လည်ပတ်မည့် စက်ရုံများအတွက် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ပံ့ပိုးပေးရမည့်အခြေအနေ၊ ဓာတ်အားလိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ကြံ့ခိုင်မှုစစ်ဆေးပေးရမည့်အခြေအနေနှင့် အချိန်ကာလတို့အား အသီးသီး တင်ပြဆွေးနွေးခဲ့ပါသည်။ သဘာဝဓာတ်ငွေ့သုံး ဦးစားပေးလည်ပတ်မည့် စက်ရုံများမှာ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၊ အမှတ်(၂၁) အကြီးစားစက်ရုံ (သထုံ)၊ အမှတ်(၂၂) အကြီးစား စက်ရုံ (ဘီးလင်း)၊ အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်)၊ အမှတ်(၃၂)အကြီးစားစက်ရုံ(ကြံခင်း)၊ အမှတ်(၃၄)အကြီးစားစက်ရုံ(သာယာဝတီ)၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၊ အမှတ်(၂) အထည်စက်ရုံ(ပလိပ်)၊ အမှတ်(၄)အထည်စက်ရုံ(ပွင့်ဖြူ)၊ အမှတ်(၉)အထည်စက်ရုံ(ကျောက်ဆည်)၊ စက္ကူစက်ရုံခွဲ(ပလိပ်)၊ စက္ကူစက်ရုံ(ရေနီ)၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)၊ သတင်းစာစက္ကူစက်ရုံ (သာပေါင်း)၊ ဆေးဝါးစက်ရုံ(အင်းစိန်)၊ သောက်ရေသန့်စက်ရုံခွဲ (ကျောက်ဆည်) စက်ရုံများအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် အခြေအနေများကို ရှင်းလင်း တင်ပြပြီး ရှင်းလင်းတင်ပြချက်များအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးတို့က စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားများအစား ဇီဝလောင်စာစွမ်းအင်နှင့် အခြားအပူစွမ်းအင်တို့ဖြင့် အစားထိုး လည်ပတ် နိုင်ရေးအခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမည့် အခြေအနေများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြပါသည်။

          အစည်းအဝေး ဆွေးနွေးချက်များအပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့ ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးခြင်း၊ စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်ရေး အတွက် အင်တိုက်အားတိုက် ဆွေးနွေးပေးခြင်းနှင့် ပံ့ပိုးဆောင်ရွက်ပေးခြင်းတို့ကို နွေးထွေး ပျူငှာစွာ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ စက်ရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အတွက် လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့တို့ကို မိမိတို့ဘက်မှတတ်နိုင်သ၍ ပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးများမှ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
19-Aug-2021