The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများအကြား အနာဂတ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စများဆွေးနွေး

(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများအကြား အနာဂတ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စများဆွေးနွေး

 

 ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (39th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဌ အဖြစ် Video Conferencing စနစ်ဖြင့်ကြီးမှူးကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်ခဲ့ပါသည်။

(၃၉) ကြိမ်မြောက်အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် သန့်စင်သောစွမ်းအင်သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး၊ စွမ်းအင်ခြိုးခြံခြွေတာသုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင် သုံးစွဲမှုဆိုင်ရာစံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation - APAEC Phase II (2021-2025)) အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့်သန့်စင်သောကျောက်မီးသွေးသုံး စွဲရေးနည်းပညာဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံလျှပ်စစ်စွမ်းအားဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိထိရောက် စွာအသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်း စွမ်းအင်မူဝါဒနှင့်စီမံခန့်ခွဲရေးဆိုင်ရာကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံ စွမ်းအင်မူဝါဒချမှတ်သူများအဖွဲ့အစည်းကွန်ယက်နှင့် အာဆီယံစွမ်းအင်ဗဟိုဌာနအဆင့်မြှင့်တင်ရေး ကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အမေရိကန်နိုင်ငံစွမ်းအင်ဝန်ကြီး တို့၏တွေ့ဆုံဆွေးနွေးပွဲကိုထည့်သွင်းကျင်းပခဲ့ပြီး အာဆီယံနှင့်အမေရိကန်နိုင်ငံတို့အကြား စွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်မှုအလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (International Energy Agency) အစည်းအဝေး (AMEM-IEA) ကိုဆက်လက်ကျင်းပ၍ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) တို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် (၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ် ၍ (၄) ကြိမ်မြောက် အရှေ့အာရှနိုင်ငံများစွမ်းအင်ဖိုရမ် 4th East Asia Energy Forum (4th EAS Energy Forum) ကို “A Low-Carbon Energy Transition in the ASEAN Region” ခေါင်းစဉ်ဖြင့် Economic Research Institute for ASEAN and East Asia (ERIA) က ကြီးမှူးကျင်းပရာ ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင်အရင်း အမြစ်များတိုးမြှင့်ရှာဖွေသုံးစွဲ၍ ကာဗွန်လျော့ချရေးမူဝါဒများ ပြောင်းလဲချမှတ်ဆောင်ရွက်နေမှုအခြေ အနေ၊ သဘာဝဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင်ပြောင်းလဲသုံးစွဲမှုနည်းပညာများ၊ ဟိုက်ဒရိုဂျင်၊ အမိုး နီးယားနှင့် ကာဗွန်ဖမ်းယူအသုံးချရေးနည်းပညာများ၊ အာဆီယံနိုင်ငံများ၏ ကာဗွန်လျော့ချရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အစည်း အဝေးများအဖြစ် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများအစည်းအဝေး (East Asia Submit Energy Ministers Meeting - EAS-EMM)၊ အာဆီယံနှင့်ဆွေးနွေးဘက် ၃ နိုင်ငံဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့နှင့် (AMEM+3) အစည်းအဝေးများကို စက်တင်ဘာလ ၁၆ ရက်နေ့ တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Low Carbon Transition၊ Carbon Neutrality၊ Hydrogen Technology ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍  ပူးပေါင်း ဆောင်ရွက်ရေးအစီအမံများကို ဆွေးနွေးကြမည်ဖြစ်ပါသည်။

၎င်းအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံ ၏ဆွေးနွေးဘက်နိုင်ငံများဖြစ်ကြသော ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံစွမ်းအင်ဗဟိုဌာန (ASEAN Centre for Energy – ACE) တို့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ International Energy Agency – IEA၊ Economic Research Institute for ASEAN and East Asia - ERIA၊ International Atomic Energy Agency - IAEA၊ International Renewable Energy Agency - IRENA စသည့် နိုင်ငံတကာအဖွဲ့ အစည်းများတို့မှကိုယ်စားလှယ်များ၊ Energy Specialized Bodies နှင့် Sub-sector Networks တို့မှတာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်ပါသည်။

(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ၏ အကြိုညှိနှိုင်းအစည်းအဝေးကိုလည်း စက်တင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များ တို့တွင် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် ဦးဆောင်၍ဆွေးနွေးခဲ့ပြီး ယနေ့ကျင်းပသောအစည်း အဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များတက် ရောက်ခဲ့ကြပါသည်။ အစည်းအဝေးအသီးသီးကထုတ်ပြန်မည့် စွမ်းအင်ဆိုင်ရာပူးတွဲကြေငြာချက်များ ကို အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများက အတည်ပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
15-Sep-2021