၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ( ၅ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝ ကျေးရွာအနီးရှိ အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ Clean Power Energy (CPE) Co.,Ltd မှတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်စင်နှင့် Clean Power Energy (CPE) Co.,Ltd မှ တာဝန်ရှိသူတို့က ၃၀ မဂ္ဂါဝပ်သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဓာတ်အားပေးစက်ရုံ ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရခြင်း၏ အကျိုးကျေးဇူးများအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက စက်ရုံတည်ဆောက်ရသည့် အကျိုး ကျေးဇူးတို့အားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ပြီး Clean Power Energy (CPE) Co.,Ltd မှ တာဝန်ရှိသူက ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်ခဲ့မှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အားပေးစက်ရုံ တည်ဆောက် ခဲ့မှုမှတ်တမ်းကို ဗွီဒီယိုပြသမှုဖြင့် ရှင်းလင်းတင်ပြခြင်းအား ကြည့်ရှုကာ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား လှည့််လည်ကြည့်ရှုခဲ့ကြပါသည်။
အမှာစကား ပြောကြားရာတွင် အဆိုပါ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံစီမံကိန်းသည် မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် Clean Power Energy (CPE) Co.,Ltd မှ BOO (Build Operate Own) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် ရေအား၊ နေအား၊ လေအား အစရှိသည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် နိုင်ငံ၏နေရာ အများအပြားတွင် နေရောင်ခြည်ကောင်းစွာ ရရှိနိုင်သည့်အတွက် အဆိုပါ သဘာဝကပေးထားသည့်် အားသာချက်ကို ကောင်းစွာအသုံးချပြီး နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် မြေဧကများစွာ လိုအပ်သည့်အတွက် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး ဆောင်ရွက်ရန် ခက်ခဲသည့်မြေများနှင့် အပူပိုင်းဒေသလွင်တီးခေါင်ပြင်မြေများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနည်းတူ ထပ်မံ၍ မြေပေါ်အခြားမြေပြင်၌ တည်ဆောက်မည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများနှင့် ရေပေါ်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ များ (Floating Solar Plants)ကိုလည်း အကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၏ စက် တပ်ဆင်အင်အားမှာ (၃၀)မဂ္ဂါဝပ်ဖြစ်ကာ မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည် ဖော် တည်ဆောက် ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းမှ တစ်ရက် လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ်နာရီ (၂)သိန်းကျော်ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၇၀.၅၉၉ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ထွက်ရှိလာမည့်် လျှပ်စစ်ဓာတ်အားများကို သပြေဝပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း (၁၀.၉) သန်းကျော်ရှိသည့်အနက် အိမ်ထောင်စု (၆.၆)သန်းခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ မီးပေးနိုင်ပြီးဖြစ်၍ အိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်မီးရရှိ သုံးစွဲပြီးသူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနေသကဲ့သို့ လျှပ်စစ်မီးသုံးစွဲခွင့်မရသေးသူများ အတွက်လည်း သုံးစွဲခွင့််ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ်လျှပ်စစ်သုံးစွဲမှု တိုးတက်လာသကဲ့သို့ လျှပ်စစ်ထုတ်လုပ်မှု ကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ရေအားလျှပ်စစ်အပြင် နေရောင်ခြည်မှလည်းကောင်း၊ လေအားမှလည်းကောင်း စသည့် ပြန်ပြည့်မြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများသာမက၊ ကုန်းတွင်းနှင့်ကမ်းလွန်သဘာဝဓာတ်ငွေ့၊ ပြည်ပမှဝယ်ယူ သော LNG ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများနှင့် Biomass အပါအဝင် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုပါ တည်ဆောက်၍ တည်ငြိမ်သော ဓာတ်အားထုတ်လုပ်မှု ဖြစ်စေ ရေးအတွက် မျှတသော (Geneation Mix) ဓာတ်အားထုတ်လုပ်မှု အချိုးအစား ဖြစ်စေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်ကာလအတွင်း ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင် နေရသည့် ကိုဗစ် - ၁၉ အကျိုးဆက်ကြောင့် ပြည်သူများ နှစ်စဉ်တိုးတက်သုံးစွဲနေသော ဓာတ်အားပမာဏကို နိုင်ငံတော်အနေဖြင့် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ကုန်ကျစရိတ် မြင့်မားစွာဖြင့် ကြိုးစားဖြည့်ဆည်းပေးနေသော ကာလဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာ သုံးစွဲခြင်းနှင့် မိမိတို့သုံးစွဲခဲ့သော ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့် နိုင်ငံအတွင်းရှိ လျှပ်စစ်မီးသုံးစွဲရန် ကျန်ရှိနေသူ ပြည်သူများ သုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး၊ လက်ရှိဓာတ်အားသုံးစွဲနေသော စက်ရုံ၊ အလုပ်ရုံများအပြင် ခေတ်မီစက်ရုံ၊ အလုပ်ရုံများ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက် မပြတ် တိုးတက်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးစေလိုကြောင်း တို့အား ပြောကြားခဲ့ပါသည်။