The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်း ပပျောက်မှုကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁   ခုနှစ်၊   ဒီဇင်ဘာလ  ( ၂၀ )ရက်               

          ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်း ပပျောက်မှုကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ နှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်(၁၅%) ခန့် တိုးတက်သုံးစွဲနေသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ဓာတ်အားထုတ်လုပ်မှု  တိုးတက်အောင် ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် နည်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊ ဓာတ်အားပို့လွှတ်ခြင်း၊ Transmission အပိုင်းတိုးချဲ့ဆောင်ရွက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ် ပို့လွှတ်/ဖြန့်ဖြူး ပေးနိုင်ရေးတွင် အားလုံးမှ တက်ညီလက်ညီကြိုးစား ဆောင်ရွက်ကြရန်နှင့် ရရှိလာသော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး အကျိုးရှိစွာ အသုံးချနိုင်စေရေး သတ်မှတ်ထားသည့် အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများကို စနစ်တကျ သုံးစွဲတည်ဆောက်ရန်  လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ထုတ်လုပ်ပြီး လျှပ်စစ် ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ ဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်ဖြစ်ပါကြောင်း၊ ၎င်းအပြင် စက်မှုဇုန်များအတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးပို့နိုင်ရေး ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့်ပြုပြင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်း စေရေး တို့အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးတို့အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းအပြင် သုံးစွဲခဲ့သည့် ဓာတ်အားခ ကောက်ခံခြင်းများကိုလည်း  သတ်မှတ်ရက်များထက် ဖြေလျော့၍ ရွှေ့ပြောင်း ပေးခဲ့ပြီးဖြစ်သည့်အတွက် ၎င်းရက်များအတိုင်း သတ်မှတ်လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေများ အပြည့်အဝရရှိစေရေး ခရိုင်/ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများမှ ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ၄င်းအပြင် မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက် များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။  

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက်ဓာတ်အားတိုးတက် သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများ ကောက်ခံရရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းနှင့် တာဝန်ရှိသူတို့မှ ရန်ကုန်မြို့အတွင်း ဖြန့်ဖြူးပေးလျက်ရှိသော မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ဖြန့်ဖြူးဆောင်ရွက်မှု အခြေအနေ၊ ရန်ကုန်မြို့အတွင်း LNG ရရှိစေရေး ဆောင်ရွက်မည့် အစီအမံတို့အား ရှင်းလင်း တင်ပြခဲ့ကြပါသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တစ်ထောင်မြို့နယ် (သန်လျှက်စွန်း) ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  အကောင်အထည်ဖော်တည်ဆောက်မည့် ၂၃၀ ကေဗွီ သာကေတ-သီတာ ဓာတ်အားလိုင်း (၅.၃)မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ သီတာပင်မဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာ၊ ဓာတ်အားလိုင်းသွယ်တန်း တည်ဆောက်မည့်နေရာတို့အား ကြည့်ရှုစစ်ဆေးရာ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအား အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ ၂၃၀ ကေဗွီ သာကေတ-သီတာ ဓာတ်အားလိုင်း (၅.၃)မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ သီတာပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ၎င်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပြီးစီးပါက ရန်ကုန်မြို့၏ နှစ်စဉ်တိုးတက်သုံးစွဲလာသော ဝန်အားများကို ဖြည့်ဆည်းပေးနိုင်မည့်အပြင်  ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်ပါက အခြားဓာတ်အားလိုင်း တစ်လိုင်းမှပေးပို့ပြီး လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုကို လျော့နည်းသွားစေရေးတည်ဆောက်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
20-Dec-2021