၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ လက်ရှိ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လျော့နည်း ပပျောက်မှုကျဆင်းစေရေးတို့အတွက် ခရိုင်အဆင့်လျှပ်စစ်မန်နေဂျာ/ လျှပ်စစ် အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအမှူးများ၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်လျှပ်စစ်မန်နေဂျာများ ၊ လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်(၁၅%)ခန့် တိုးတက်သုံးစွဲလျက်ရှိသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှု (Generation) ကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင် ရွက်ခြင်း၊ ဓာတ်အားပို့လွှတ်ခြင်း (Transmission) အပိုင်းတိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ် အားဖြန့်ဖြူးခြင်း (Distribution) အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်တည်ဆောက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ဝန်အားပြည့်နေသော ဓာတ်အား လိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ် ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ် ပို့လွှတ်/ ဖြန့်ဖြူးပေးနိုင်ရေးတွင် အားလုံးမှ တက်ညီ လက်ညီကြိုးစား ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး အကျိုးရှိစွာ အသုံးချနိုင်စေရေး သတ်မှတ်ထားသည့် အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများကို စနစ်တကျ သုံးစွဲတည်ဆောက်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ၎င်းအပြင် စက်မှုဇုန်များအတွက် လျှပ်စစ် ဓာတ်အားပြည့်အဝ ဖြန့်ဖြူးပေးပို့နိုင်ရေး ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့်ပြုပြင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးတို့အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးတို့အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းအပြင် သုံးစွဲခဲ့သည့် ဓာတ်အားခကောက်ခံခြင်းများကိုလည်း သတ်မှတ်ရက်များထက် ဖြေလျော့၍ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည့်အတွက် ဖြေလျော့ပေးထားသော ရက်များအတိုင်း ဓာတ်အားခကျသင့်ငွေများ အပြည့်အဝရရှိစေရေး ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများမှ ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာ ဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်ရေး နည်းလမ်းများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် အသိပညာပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၄င်းအပြင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင်စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အား တိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများ ကောက်ခံရရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်း တင်ပြကြရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအေးကျော်နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ (၉)ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ ငွေရည်ပုလဲ အများပိုင်ကုမ္ပဏီ၏ Crown ဘိလပ် မြေစက်ရုံရှိ အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အားများ ထုတ် လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ထိန်းချုပ်ခန်းအတွင်း Crown ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေတို့ကို တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး အပူစွမ်းအင် သုံးလျှပ်စစ်ဓာတ်အားပေးစက်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှု အခြေအနေများ နှင့် Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့် အခြေအနေများ အားလည်းကောင်း၊ ထပ်မံတည်ဆောက်မည့် ၂၃၀/ ၃၃/၁၁ ကေဗွီ ၁၅၀ အမ်ဗွီအေ ပင်မဓာတ် အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လည်း ကောင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေအရ ပြည်သူလူထုကို ဝန်အားထိန်းညှိရသဖြင့် နိုင်ငံအတွင်း အချိန်ပိုင်း ဓာတ်အားပိတ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသော်လည်း ဓာတ်အားပိုမိုထုတ်လုပ် နိုင်ရေးကို ဦးစားပေး၍ ဆောင်ရွက်နေပါကြောင်း ၊ တစ်ဖက်မှလည်း တာဝါတိုင်များကို ဖျက်ဆီးခံရသဖြင့် အမြန်ပြန်လည် ပြင်ဆင်ရေးဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်မီးရရှိ သုံးစွဲပြီးသူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနေသကဲ့သို့ လျှပ်စစ်မီးသုံးစွဲခွင့် မရသေးသူများအတွက်လည်း သုံးစွဲခွင့််ရရှိအောင် စီမံဆောင်ရွက်လျက် ရှိကြောင်း ၊ နှစ်စဉ် လျှပ်စစ်သုံးစွဲမှု တိုးတက်လာသကဲ့သို့ လျှပ်စစ်ထုတ်လုပ်မှုကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရာ၌ ရေအားလျှပ်စစ်အပြင် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်စသည့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်မှသာမက ၊ ကုန်းတွင်းနှင့် ကမ်းလွန် သဘာဝဓာတ်ငွေ့၊ ပြည်ပမှဝယ်ယူသော LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် Biomass အပါအဝင် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုပါ တိုးချဲ့တည်ဆောက်၍ တည်ငြိမ်သော ဓာတ်အားထုတ်လုပ်မှု ဖြစ်စေရေးအတွက် မျှတသော ဓာတ်အားထုတ်လုပ်မှု အချိုးအစား (Generation Mix) ရရှိလာအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။