The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေး (၂၀၂၂) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာနအုပ်ချုပ်မှုကောင်စီအစည်းအဝေးများကျင်းပ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်

             အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေး (၂၀၂၂) (SPECIAL SENIOR OFFICIALS MEETING ON ENERGY (SPECIAL SOME) -2022) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာန (ASEAN CENTRE FOR ENERGY – ACE) အုပ်ချုပ်မှုကောင်စီအစည်းအဝေးတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဌအဖြစ် Video Conferencing စနစ်ဖြင့်ကြီးမှူးကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) ဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

             အစည်းအဝေးတွင် အာဆီယံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၁၆-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation – APAEC 2016-2025) ၏ ဒုတိယအဆင့် ၂၀၂၁-၂၀၂၅ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များမှ ဘရူနိုင်းနိုင်ငံကအလှည့်ကျဥက္ကဌအဖြစ် တာဝန် ယူခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်ခဲ့သောလုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေးကာ အတည် ပြုမှတ်တမ်းတင်ခဲ့ကြပါသည်။

             ဆက်လက်၍ အစည်းအဝေး၌ အာဆီယံစွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍခွဲများဖြစ် သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေးသုံးစွဲရေးနည်းပညာ ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံလျှပ်စစ်စွမ်းအားဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိထိရောက်စွာအသုံးပြုရေး နှင့် စွမ်းအင်ခြိုးခြံချွေတာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်းစွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံစွမ်းအင်မူဝါဒ ချမှတ်သူများအဖွဲ့အစည်းကွန်ယက်နှင့် အာဆီယံစွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးကဏ္ဍများတို့ နှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိင်ငံမှ အာဆီယံစွမ်းအင်ကဏ္ဍအလှည့်ကျဥက္ကဌ အဖြစ်ဦးဆောင်၍ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ကြပါသည်။

             ထို့အပြင် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာနအုပ်ချုပ်မှုကောင်စီအစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင်ဆက်လက်ကျင်းပမည်ဖြစ်ပြီး အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန၏ ဘဏ္ဍာရေးဆိုင် ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိများမှအပြန်အလှန် ဆွေးနွေးအတည်ပြုကြမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
27-Jan-2022