၂၀၂၂ ခုနှစ် ၊ မတ်လ ( ၁၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်း အင်ဂျင်နီယာ (၂) များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ မတ်လ ( ၁၄ ) ရက်နေ့ ( ၁၃:၃၀ )နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ၊ အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/ သင်တန်းသူ များတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်ပွဲ အမှာစကားအား ပြောကြားရာတွင် မိမိတို့ဝန်ထမ်းတိုင်းတွင် ထိုက်သင့်သည့် ပညာအရည်အချင်း၊ ပင်ကိုယ်စွမ်းရည်၊ လုပ်ငန်းစွမ်းဆောင်မှု၊ စိတ်ဓါတ်၊ ကြိုးစားအားထုတ်မှုနှင့် စွမ်းအားကိုယ်စီ ရှိကြပါကြောင်း၊ ထိုကဲ့သို့ ရှိပြီးသား စွမ်းရည် တွေကို လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အကျိုးရှိရှိ ၊ အံဝင်ခွင်ကျ ခေတ်စနစ်နှင့်အညီ အသုံးချနိုင်မှသာ အဖွဲ့အစည်း၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်း အတွေ့အကြုံ နည်းပါးနေသေးသော်လည်း သင်တန်းက ပို့ချမည့် စာတွေ့/လက်တွေ့ ဘာသာရပ်များကို မိမိတို့၏ ပင်ကိုယ်စွမ်းရည်၊ အရည်အချင်း၊ အတွေးအခေါ် အယူအဆတွေနဲ့ ပေါင်းစပ်ပြီး၊ အပြန်အလှန် ဆွေးနွေးခြင်း၊ သင်တန်းသားများ အချင်းချင်း အသိပညာဖလှယ်ခြင်းတို့ဖြင့် မိမိတို့ဌာနတိုးတက်ရေး၊ မိမိဘဝတိုးတက်အောင်မြင်မှု ရရှိရေးတို့အတွက် အထူးကြိုးပမ်း ဆောင်ရွက်သွားရန် အလေးထား မှာကြားလိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာတာနှင့်အမျှ လျှပ်စစ် ဓာတ်အားတိုးတက် သုံးစွဲနိုင်မှု သည် နှစ်စဉ်တိုးတက်လျက်ရှိရာ ယနေ့မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာ တိုးတက်မြင့်မား လာတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး အတွက် အဓိကရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာအတွေ့အကြုံနှင့် ဗဟုသုတများကိုဖလှယ်ရန်၊ အလေ့အကျင့်ကောင်းများနှင့် နည်းစနစ်အသစ်များဖြစ်ထွန်းရန်နှင့် သင်တန်းတက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် မိမိတို့ကျရာတာဝန်များကို ကောင်းမွန် ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် ရုပ်ပိုင်းဆိုင်ရာ လျှပ်စစ်ပစ္စည်းတွေ၏ အရည် အသွေး မှန်ကန်ကောင်းမွန်ဖို့ လိုအပ်သလို ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး၊ အရည် အချင်းတွေလည်း မှန်ကန်ကောင်းမွန်ဖို့လိုအပ်ပါကြောင်း၊ စွမ်းဆောင်ရည်ကောင်းမွန်သော ဝန်ထမ်းများ ဖြစ်လာစေရန်နှင့် အဂတိလိုက်စားမှုကင်းရှင်းပြီး ပြည်သူကိုဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်သော ဝန်ထမ်းတွေဖြစ်အောင် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက် နိုင်ဖို့ ဝန်ထမ်းတိုင်းက တာဝန်ယူမှုတာဝန်သိမှု အသိစိတ်ဖြင့် လုပ်ငန်းများ ပိုမိုသွက်လက်လာစေရေး ခံယူချက်အပြည့်ဖြင့် Mind Set များ ပြုပြင် ပြောင်းလဲသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်းအင်ဂျင်နီယာ (၂)များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂)ကို သင်တန်းသား/သင်တန်းသူ (၃၀) ဦးအား စာတွေ့/လက်တွေ့ဖြင့် ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။