၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအောင်သန်းဉီးသည် တာဝန်ရှိသူများ လိုက်ပါလျက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ လက်ရှိ ဓာတ်အားထုတ်လုပ် မောင်းနှင်လျက်ရှိသော V Power Group Holdings Limited ၏ ကျောက်ဖြူ ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံနှင့် CNTIC Vpower KY-3 Limited ၏ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံများနှင့် လာမည့်နှစ်အတွင်း ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Kyauk Phyu Electric Power Company Limited ၏ ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့အား(၁၉-၃-၂၀၂၂)ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူအသီးသီးမှ ဓာတ်အားထုတ်လုပ်မှုအခြေအနေနှင့် စီမံကိန်းဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းတင်ပြကြပါသည်။
ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အား ပမာဏကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့စီစဉ် ဆောင်ရွက်လျက်ရှိရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ကျောက်ဖြူဒေသမှရရှိသော ရွှေဓာတ်ငွေ့ခွဲတမ်းကို တစ်ရက်လျှင် ကုဗပေ ၂၀ သန်း အသုံးပြု၍ ယခင်က ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အား ပေးစက်ရုံ (၂) ရုံဖြင့် ၉၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ခဲ့ပါကြောင်း၊ ထိုသို့ထုတ်လုပ်စဉ် အဆိုပါစက်ရုံများသည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း ၂၀၂၂ ခုနှစ်၌ တိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား ပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ၄၅ မဂ္ဂါဝပ် စက်ရုံ (၁)ရုံအား သက်တမ်းတိုးပြီး ဆက်လက်ဓာတ်အားထုတ်လုပ်မောင်းနှင်ခဲ့ပါကြောင်း၊ ထို့အပြင် ကျောက်ဖြူဒေသ၌ ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံ (၁)ရုံ ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း LNG ဈေးနှုန်းများ အဆမတန် ကြီးမြင့်နေသည့်အတွက် ရရှိထားသည့်ရွှေဓာတ်ငွေ့ကို တစ်ရက်လျှင် ကုဗပေ ၃၀ သန်း ပိုမို ရရှိ နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဓာတ်အားထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် (၁၅၀) မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ လက်ရှိ ကျောက်ဖြူဒေသတွင် ဓာတ်ငွေ့ဖြန့်ဖြူး ပေးနေသည့် ပိုက်လိုင်းအခြေခံအဆောက်အဦများ၏အနေအထားအရ ရွှေဓာတ်ငွေ့ကုဗပေ ၂၀ သန်းသာ ထုတ်ယူသုံးစွဲနိုင်သောကြောင့် တစ်ရက်လျှင် ရွှေဓာတ်ငွေ့သန်း ၅၀ အထိ တိုးတက် ရယူသုံးစွဲနိုင်ရန် ပိုက်လိုင်းအခြေခံအဆောက်အဦများကို တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ်ကာလအတွင်း သက်တမ်းကုန်ဆုံးသွား သည့် ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံမှ အသုံးပြုခဲ့သော ရွှေဓာတ်ငွေ့ တစ်ရက် ကုဗပေ ၁၀ သန်းကို စက်စွမ်းရည် ပိုမိုကောင်းမွန်သည့် ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက် အစား သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ပြောင်းလဲ ထောက်ပံ့၍ (၁၀-၂-၂၀၂၂) ရက်နေ့မှ စတင်ကာ ၅၀ မဂ္ဂါဝပ်ကို တိုးမြှင့်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ထိုဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦ တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်းများသည်လည်း ၂၀၂၂ ခုနှစ် မေလတွင် ဆောင်ရွက် ပြီးစီးမည်ဖြစ်ကာ ၎င်းဆောင်ရွက်ပြီးစီးချိန်မှစတင်၍ ၁၅၀ မဂ္ဂါဝပ်ထိ တစ်ရက်လျှင် ရွှေဓာတ်ငွေ့ ကုဗပေ ၃၀ သန်း ကို အသုံးပြုပြီး ဓာတ်အားတိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီအမီ ရွှေဓာတ်ငွေ့ကို အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်ထိ တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းကိုလည်း ဆောလျင်စွာ ပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသဖြင့် စီမံကိန်း များကို သတ်မှတ်ရက်များအတိုင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါ သည်။
၎င်းအပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်သူများ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို တတ်နိုင်သမျှ ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေးအတွက် အမှတ် ၄ ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ) နှင့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) တို့တွင် နှစ်စဉ်ပုံမှန်ဆောင်ရွက်နေကျဖြစ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း များကို ယခင်က နှစ်စဉ်ဧပြီလများတွင် ပုံမှန်ပြုလုပ်ခဲ့သော်လည်း ယခုသတ်မှတ်ချိန်ထက်စော၍ ဆောင်ရွက်စေကာ အဆိုပါစက်ရုံများသို့ ထောက်ပံ့ပေးထားသော ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ရွာမဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များသို့ ပြောင်းလဲထောက်ပံ့ကာ လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ကို ထုတ်လုပ်လျက်ရှိပါသည်။ သို့ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီအမီ ရွှေဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၅ မဂ္ဂါဝပ်နှင့် ကုန်းတွင်း ဓာတ်ငွေ့ အသုံးပြု၍ ဓာတ်အား ၃၀ မဂ္ဂါဝပ်တို့ကို တိုးတက်ထုတ်လုပ်နိုင်သဖြင့် စုစုပေါင်း လျှပ်စစ် ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ထိ တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်နိုင်ခဲ့ပါသည်။
ထို့အပြင် တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား (၁၂၀) မဂ္ဂါဝပ်ခန့်ကိုလည်း ဝယ်ယူရေး ညှိနှိုင်းလျက်ရှိပြီး နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားပိုမိုထုတ်လွှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက် ရှိသည့်အပြင် ဘီလူးချောင်းစက်ရုံများမှ နွေရာသီကာလထွက်ရှိမည့် ဓာတ်အား (၁၇၀) မဂ္ဂါဝပ် ခန့်ကိုလည်း ဓာတ်အားစနစ်မှတဆင့် ဖြန့်ဖြူးနိုင်ရန် ဖောက်ခွဲဖျက်ဆီးခံထားရသော တာဝါတိုင် (၁၉)တိုင်ခန့်ကို ပြုပြင်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက် ပြီးပါက ဓာတ်အားလိုအပ်ချက် ပမာဏကို မပြည့်မီနိုင်သော်လည်း ယခုထက်ပိုမို၍ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။