၂၀၂၂ ခုနှစ်၊ မတ်လ ( ၂၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်း အတွင်းဝန် ဦးသန်းနိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၀ ရက်နေ့ ၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင် ခန့် အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူဌေးရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းမှ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအဓိကလုပ်ငန်းကြီးများအလိုက် ဆောင်ရွက်နေမှု အခြေအနေများ၊ ပင်မတမံရေဝပ်ဧရိယာအတွင်း ကျရောက်သော ကျေးရွာများ ရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်မှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့် ကဏ္ဍမှ ပါဝင်နေသဖြင့် နိုင်ငံတော်စီမံကိန်းများနှင့် ပြည်သူ လူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စေရန် ကြိုးစားလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံကို အခြေခံ၍ ထုတ်လုပ်လျက် ရှိကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း ပြည်သူလူထုအား သင့်တော်သော လျှပ်စစ်ဓာတ်အားခ ဖြင့် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ထုတ်လုပ်မှုစရိတ် သက်သာသမျှ သက်သာနိုင်စေရန်နှင့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲရမှု သက်သာစေရန် ရည်ရွယ်၍ တွက်ချက်ဆောင်ရွက် ထုတ်လုပ်ရ ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်မှု စရိတ်သက်သာသော ရေအားအရင်းအမြစ်များစွာရှိသဖြင့် ရေအားလျှပ်စစ်ပမာဏ များစွာထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း မိမိတို့ဝန်ထမ်းများက ပြည်သူ လူထုကို သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နေသည်ကို နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရန်လိုပါကြောင်း၊ လက်ရှိအချိန် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်း၍ ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် စည်းရုံးပြောဆိုကြရန် လိုအပ်ပါကြောင်း၊ ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခဝင်ငွေများ အပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်း လုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီး အောင်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြုစေရေးနှင့် လေလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အားကို အမြန်ဆုံးရရှိ သုံးစွဲနိုင်စေရေးအတွက် စီမံကိန်းအား ဆောလျင်စွာ ပြီးစီးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိပြီး ဒေသအခြေခံ ခရီးသွားလုပ်ငန်းများကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသဖြင့် မိမိတို့ဝန်ထမ်းများအနေဖြင့် သတ်မှတ်ရက် သတ်မှတ်ကာလအတွင်း အရည်အသွေး များ ပြည့်ဝစွာဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တမံဝဲဘက်ကမ်းရှုရပ်မှနေ၍ စီမံကိန်း ဧရိယာအတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှု၊ သိုလှောင်ရုံဝင်းအတွင်း စီမံကိန်းတွင် တပ်ဆင် အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပင်မတမံရေဝပ်ဧရိယာအတွင်း ကျရောက်သော ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများ ရွှေ့ပြောင်းနိုင်ရေး ပြန်လည် နေရာချထားသည့် မြေနေရာအား အသေးစိတ် ကြည့်ရှု၍ ဒေသခံရွှေ့ပြောင်းမိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် တည်ဆောက်ပြီးဖြစ်သော ကျေးရွာများလျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး ခဲ့ကြပါသည်။
အဆိုပါသူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား(၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက်(၃)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား(၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ် အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ် သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၂.၀၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်လျှင် ၇၆.၆၈ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်း တစ်ခုလုံး ပြီးစီးနိုင်မည်ဖြစ်ကာ ရခိုင်ပြည်နယ်၏ ပထမဆုံးဖြစ်သော ဂုဏ်ယူဝင့်ကြွားနိုင်သည့် ရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံတစ်ရုံအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်။