၂၀၂၂ ခုနှစ်၊ ဧပြီလ ( ၁၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ နမ့်စန်ပင်မဓာတ်အားခွဲရုံ၊ တောင်ကြီးပင်မဓာတ်အားခွဲရုံ၊ ကလောပင်မ ဓာတ်အားခွဲရုံ၊ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများ အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့်ကဏ္ဍမှပါဝင်နေသဖြင့် ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံကို အခြေခံ၍ ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှုများ နှောင့်နှေးခဲ့၍ လျော့နည်းထုတ်လုပ်နေရသဖြင့် ပြည်သူလူထုအား အချိန်ပိုင်းအလိုက် ဝန်အား ထိန်းညှိ ဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက် ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ပါကြောင်း၊ ၄င်းအပြင် ဓာတ်အားရောင်းချမှုမှ ရရှိသည့် ဓာတ်အားခ ဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်း များအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့ အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား စစ်ဆေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေး အထူးဂရုပြုရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်ရယူ သုံးစွဲမှုများ ကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေး တာဝန်ခံများက အောက်ခြေထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဓာတ်အားခွဲရုံများ အတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။