The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း အမှတ်စဉ် (၂) နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ် ၊ ဧပြီလ (၂၇) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၂) နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ ဧပြီလ ( ၂၇ ) ရက်နေ့ ( ၀၉:၃၀ )နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌   Covid- 19  ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင်  သင်တန်းသားများ၏ စွမ်းဆောင်ရည် မြင့်မားလာမှသာ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် နေရသည့် ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးတိုးတက်လာမည် ဖြစ်သလို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးနှင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများလည်း လျော့နည်းလာအောင် စွမ်းဆောင် နိုင်ကြမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်ရှိသည့် ဝန်ထမ်းများသည် လျှပ်စစ်နည်းပညာ ဆိုင်ရာ အရည်အသွေး ပိုမိုမြင့်မားလာပြီး ပြည်သူ့ကောင်းကျိုး ပူးပေါင်းဆောင်ရွက်တတ်သည့် ဝန်ထမ်းကောင်းများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခုလိုသင်တန်းများအား ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှု လုပ်ငန်းများ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများဖြစ်သည့် Internet Of Things (IOT), Artifical Intelligence (AI), Digital Substation နည်းပညာများကို အသုံးပြု၍ ကုန်ကျစရိတ် သက်သာပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ရမှု နည်းပါး၍ ထိရောက်သည့် စွမ်းဆောင်ရည်များ ရရှိနိုင်မည့် AIS, GIS, Mixed Technology Switchgear (MTS), Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံ Design များ ရေးဆွဲရန် လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း၊ တည်ဆောက် ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်လည်း brainstorming techniques ဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းစီမံခန့်ခွဲရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Data Base နှင့် ဆက်သွယ်ရေးနည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာ ဖတ်ရှုမှုစနစ်၊ ဓာတ်အား ကွပ်ကဲ/ ထိန်းသိမ်း မောင်းနှင်သည့်စနစ်တို့၏ လုပ်ဆောင်မှုတို့ကို သိရှိ နားလည်စေရန် ဝန်ကြီးဌာနမှ စီမံဖွင့်လှစ်ခဲ့သည့်အတွက် သင်တန်းသူ/ သင်တန်းသားများ ထိုက်သင့်သည့် ပညာရပ် အခြေခံကောင်းများ ရရှိမည်ဖြစ်ပြီး သင်တန်းမှရရှိသည့် အခြေခံ ပညာရပ်နှင့် အတွေ့အကြုံများကို မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက်သွားကြ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သည့် နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးဖူလုံရေး၊ လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဆက်သွယ်မှုစနစ်ကောင်းမွန်ရေးနှင့် ကျန်းမာရေးနှင့် ပညာရေးစနစ်ကောင်းမွန် သည့် လူသားအရင်းအမြစ် ကောင်းရရှိရေးများသည် အဓိကကျသည့်အချက်များ ဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ပြည်သူများ ပြည့်ဝစွာသုံးစွဲနိုင်ရေး ဆောင်ရွက် လျက်ရှိရာတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ရေတိုရေရှည် အစီအမံများ ချမှတ်ပြီး ဖြန့်ကျက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းအပြင်သင်တန်းသားများ၏ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းအချိန်များနှင့် အားကစားဆောင်ရွက်စေခြင်းများကို လည်း နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ အင်ဂျင်နီယာ စီမံခန့်ခွဲရေးသင်တန်းသားများသည် ပြည်သူတို့နှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက် နေသူများ ဖြစ်သည့်အလျှောက် ပြည်သူများ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး လျှပ်စစ်ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးစည်းရုံးမှုများ ပြုလုပ်ကြရမည် ဖြစ်သကဲ့သို့ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အား တရားမဝင် ရယူသုံးစွဲမှုများကြောင့် ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေးနှင့် ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသများကို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပြီး ရုပ်ပိုင်း ဆိုင်ရာ လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးမှန်ကန်ကောင်းမွန်ရန် လိုအပ်သလို၊ ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာတက်ကြွမှု၊ လုပ်ငန်းစွမ်းဆောင်မှုအရည်အချင်း မှန်ကန်ကောင်းမွန်စေရန် လိုအပ် ပါကြောင်း၊ ပြည်သူကိုဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင်ပေးနိုင်သည့် ဝန်ထမ်းများဖြစ်စေရန် ဝန်ထမ်းတိုင်းက တာဝန်ယူမှု ၊ တာဝန်သိမှု အသိစိတ်ဖြင့် လုပ်ငန်းများ ပိုမိုသွက်လက်လာစေရေး ခံယူချက်အပြည့်ဖြင့် Mind Set များ ပြုပြင်ရန် လိုအပ်ပါကြောင်း၊ အထူးဂရုပြုရမည့် အချက်တွေကတော့ ပြည်သူများကို ဝန်ဆောင်မှု ပိုမိုကောင်းသည် ထက်ကောင်းအောင်လုပ်ပေးရန်၊ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ ပြည်သူတွေ လျှပ်စစ်အန္တရာယ် မဖြစ်အောင် ဆောင်ရွက် ပေးရန်၊ လုပ်ငန်းကျွမ်းကျင်သူများဖြစ်အောင် မိမိကိုယ်ကို အမြဲတိုးတက်အောင် လေ့လာသင်ယူရန်၊ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ် ထိတွေ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဝန်ဆောင်မှုပေးရန်နှင့်  မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် သစ္စာရှိရှိ၊ စေတနာရှိရှိ အဂတိတရားကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ်(၂)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၂) သင်တန်းကို စာတွေ့/ လက်တွေ့ဖြင့် ရက်သတ္တပတ် (၆) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
27-Apr-2022