၂၀၂၂ ခုနှစ်၊ မေလ (၁၈ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလို က်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏အရှေ့မြောက်ဘက်မိုင်(၂၀)ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁)တည်ဆောက်ရေးမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် နန်ချို ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်အလိုက်အကောင် အထည်ဖော်ဆောင်ရွက်မည့်အစီအမံများနှင့် ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ရရှိ/သုံးစွဲမှု အခြေအနေ များအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်မှာကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များ ရရှိမှုအပေါ် အခြေခံ၍ စီးပွားရေး အရ တွက်ချေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက် သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်း များလည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်အချိန် ဘတ်ဂျက်ကာလအတွင်း ရန်ပုံငွေရရှိမှု အလိုက် ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် အလေးထား ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင်တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား သတ်မှတ်အရည်အသွေးပြည့်ဝအောင် စနစ်တကျအသုံးပြုသွားရန် လိုအပ်ပါကြောင်း၊ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုစစ်ဆေး ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းပြီးမြောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို မောင်းနှင် ပေးရန်အတွက် ဝန်ထမ်းများအိမ်ရာ ဆောက်လုပ်ရာတွင်လည်း စက်ရုံနှင့်အနီးစပ်ဆုံးနေရာ များတွင် ဆောက်လုပ်ပြီး ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ် ပါကြောင်းတို့ကို မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းဧရိယာအတွင်း စက်ယန္တရားကြီး များဖြင့် ပင်မတမံမြေကြီးကျောက်သား တူးဖော်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ရေလွှဲစနစ် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြေကြီး/ ကျောက်သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် တံတား တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။
အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသည် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့ မြောက်ဘက် မိုင်(၂၀)ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် RCC ကွန်ကရစ် ရေလှောင်တမံ တည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၇၆)မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်းစက်တပ်ဆင် အင်အား(၁၅၂)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင်တည်ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၃၀.၄ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်၍ မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ရေထိန်းတမံ အတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေယူအဆောက်အဦတို့အား ကြည့်ရှုစစ်ဆေးရာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် တာဝန်ရှိသူ များကရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။