The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်‌ရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး‌ရေးလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ မေလ (၂၇) ရက်

            လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး‌ရေးလုပ်ငန်းတို့၏ လုပ်ငန်း‌ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မေလ (၂၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ဌာနအကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အား ပေးစက်ရုံမှူးများ တက်ရောက်ခဲ့ကြပါသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့ဌာနသည် အရေး ကြီးသော တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ကြုံတွေ့နေရသည့်အတွက် ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြုပြီး ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး တိုးတက်ရရှိရေး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် မီးသုံးစွဲသူ ပြည်သူများထံသို့ အလေအလွင့်နည်းပါးစွာဖြင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံသွားရမည် ဖြစ်ပါကြောင်း၊  ထိုသို့ ဆောင်ရွက်စဉ် လုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းများ အပေါ် စေတနာ အပြည့်အဝဖြင့် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာရံပုံငွေကိုလည်း စနစ်တကျစိစစ်၍ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ၄င်းအပြင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံများ အပိုင်း တွင်လည်း ဓာတ်အားပေးစက်ရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်  ဓာတ်အားစဉ်ဆက်မပြတ်  ဖြန့်ဖြူး ပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားပေး စက်ရုံသုံး ပစ္စည်းများအား ကြံ့ခိုင်နေစေရန် အမြဲ စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ရုံးအဆောက်အဉီနှင့် ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးကိုလည်း အထူးဂရုပြုရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိုးရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

            ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှူး များက မိမိတို့ဓာတ်အားပေးစက်ရုံအလိုက် နှစ်စဉ်ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ဓာတ်အား ပေးစက်များမှ ဓာတ်အားများမောင်းနှင်ထုတ်လုပ်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ အပူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှူးများက ဓာတ်အားပေးစက်ရုံအလိုက် သဘာဝဓာတ်ငွေ့ကို အသုံးပြု ၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းအစီအမံများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ဌာနကြီးမှူးများက ဖြည့်စွက် ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
27-May-2022