The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ကျွန်းစုမြို့နယ်အတွင်းရှိ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၂ ခုနှစ်၊    ဇွန်လ   ( ၆ ) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တနင်္သာရီတိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့၌ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့် ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားရေအားလျှပ်စစ် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိ ခဲ့ပြီး ရုံးဝင်းအတွင်းမှ စက်တပ်ဆင်အင်အား ၅၀၀ ကေဗွီအေ ဒီဇယ်ဂျင်နရေတာ (၂) လုံးနှင့် ၂၅၀ ကေဗွီအေ ဒီဇယ်ဂျင်နရေတာ (၁) လုံးတို့ဖြင့် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်က ကျွန်းစု မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ဆောင်ရွက်နေမှုအခြေအနေများနှင့် လည်ပတ် မောင်းနှင်လျက်ရှိသည့် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသစ်တည်ဆောက် ရန်ရှိသည့် အသေးစားရေအားလျှပ်စစ်စီမံကိန်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၏ ဖြစ်မြောက်နိုင်စွမ်းရှိမှု အခြေအနေများအား  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဤဒေသတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ကာလရှည်ကြာ အဓိကသုံးစွဲလျက်ရှိသည့် ဒီဇယ်ဆီသုံး လျှပ်စစ်ဓာတ်အားပေးစနစ်များသည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် များပြား ခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများရှိခြင်းတို့ကြောင့် အဆိုပါစနစ်များ အသုံးပြုမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ပိုမိုမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် လက်ရှိ အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ရရှိမည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်အပေါ်မူတည်၍ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့ကို ပေါင်းစပ် ထုတ်လုပ်သည့် Hybrid Mini-grid စနစ် စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပြီး ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စက်ပစ္စည်းများနှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်များ၏ ကြံ့ခိုင်မှု စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ရုံးဝင်းနှင့် မိသားစုအိမ်ရာ သန့်ရှင်းသာယာလှပရေးတို့အား အလေးထားဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။  

       ထိုမှတဆင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် ကတ္တလူကျေးရွာ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအား ရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား ယခုထက်ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ဒီဇိုင်းပြုပြင်၍ စက်တပ်ဆင်အင်အား မြှင့်တင်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန်နှင့် ဖိအားမြင့်သံမဏိပိုက်လိုင်း ချွတ်ယွင်းနေမှုအား ပြုပြင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကတ္တလူ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင် အင်အား (၇၅) ကီလိုဝပ် ဖရန်စစ်တာဘိုင် (၂) လုံးနှင့် (၅၀) ကီလိုဝပ် Cross Flow  တာဘိုင် (၁) လုံးတို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ ၁၁ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်းဖြင့် ကျွန်းစုမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိရာ လျှပ်စစ်ဓာတ်အားကို ယခုထက်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပါသည်။

       ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုရေလှောင်တမံသို့ရောက်ရှိရာ ရေလှောင် တမံအတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေ၊ ရေလှောင်တမံကိုမြှင့်တင်၍ ရေပိုမိုသိုလှောင် နိုင်မည့်အခြေအနေကို စူးစမ်းတိုင်းတာဆောင်ရွက်နေမှု၊ ကတ္တလူချောင်းပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းတိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ကတ္တလူရေလှောင်တမံမှ ကတ္တလူကျေးရွာ အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရေပို့လွှတ်ရာတွင် ရေအားလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေး ဆောင်ရွက်နိုင်မည့်အခြေအနေတို့ကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လက်ရှိနှင့် အသစ် ထပ်မံတည်ဆောက်မည့် အသေးစားရေအားလျှပ်စစ်စနစ်များဆိုင်ရာ နှိုင်းယှဉ်သုံးသပ်ဆန်းစစ်ရမည့် အချက်များ၊ ရေတိုရေရှည်လုပ်ငန်းစဉ်များနှင့် အခြားလိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး စူးစမ်းတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ် ချီးမြှင့်ပါသည်။

     မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာလပိုင်းကျေးရွာအနီး ဂျင်းတောင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ရေပို့လွှတ်ပေးနေသော ရေလွှဲဆည် အတွင်း ရေဝင်ရောက်နေမှုအခြေအနေ၊ ရေလွှဲဆည်မှ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရေပို့လွှတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြပြီး ကျေးရွာမီးလင်းရေးကော်မတီက ဆောင်ရွက် ထားသည့် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြန်လည်ပြုပြင်၍ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိသုံးစွဲနိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ စက်ရုံမှ ထွက်ရှိလာမည့်ဓာတ်အားကို ပို့လွှတ်ပေးမည့် ဓာတ်အားလိုင်းများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ် သည်များအား ဒုတိယဝန်ကြီးက တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။

       အဆိုပါ ကျေးရွာမီးလင်းကော်မတီမှ ဆောင်ရွက်ထားသည့် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ တာဘိုင်နှင့်ဂျင်နရေတာတို့မှာ ကတ္တလူအသေးစားရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးမှ ဂျင်းတောင်စက်ရုံသို့ ပြောင်းရွေ့တပ်ဆင်ထားခြင်းဖြစ်၍ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ဒေသခံပြည်သူများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထောက်ပံ့ပေးထားသည့် (၂၅၀) ကေဗွီအေ ဒီဇယ်ဂျင်နရေတာဖြင့်သာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲလျက်ရှိရာ လက်ရှိချို့ယွင်းလျက်ရှိသည့် အသေးစားရေအားလျှပ်စစ် စနစ်ကိုပြုပြင်၍ ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Post under by : ဝန်ကြီးရုံး
08-Jun-2022