The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ National Control Center (NCC) နှင့် ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈  )ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ National Control Center (NCC) ၊ ၂၃၀ ကေဗွီ နေပြည်တော်(၂)ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံ၊ နေပြည်တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံ(၃)နှင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းခွဲရုံရှိ ADMS Control Center တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

          နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန National Control Centre (NCC) သို့ရောက်ရှိရာ NCC ဌာနမှူးက နိုင်ငံတော်ဓာတ်အားစနစ် အတွင်းဓာတ်အားသုံးစွဲမှု၊ နှစ်အလိုက်တိုးတက်လာမှုအခြေအနေများ၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် Supervisory Control and Data Acquisition (SCADA) တပ်ဆင် အသုံးပြုမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင့်စိုးဝင်းမှ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအလိုက် ဓာတ်အား စနစ် Voltage နှင့် Frequency များ တည်ငြိမ်စေရန် ကွပ်ကဲမောင်းနှင်နေမှုများနှင့် SCADA ဖြင့် Automation စနစ်မောင်းနှင်၍ Unmanned ခွဲရုံများအဖြစ် ဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ် ထိန်းညှိကွပ်ကဲနိုင်ရေးအတွက် ထိန်းချုပ်ရေးစင်တာနှစ်ခုဖြစ်သည့် NCC နေပြည်တော် နှင့် Load Dispatching Centre (LDC) ရန်ကုန်တို့ဖြင့် ဆောင်ရွက်လျက်ရှိသလို ဒေသအလိုက် ဓာတ်အား ထိန်းညှိကွပ်ကဲရေးဌာန Regional Control Centre (RCC) အဖြစ် မန္တလေးနှင့် အခြားသင့်လျော် သောနေရာများတွင် အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ Generation Mix ရှိ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုများအား ပြည်သူများမှ ယုံကြည်စိတ်ချစွာ အကျိုးရှိရှိ အသုံးပြုနိုင်ရေး ဓာတ်အားစနစ်၏ Resilience နှင့် Reliability ကို မြှင့်တင်နိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် NCC နေပြည်တော်ရှိ SCADA Network လုံခြုံရေးနှင့် အခြားလိုအပ်သည်များကို အဆင့်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း နေရောင်ခြည်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်များမှ Master Plan အတိုင်း တိုးမြှင့်ထုတ်လုပ်ကာ Resilient Smart Power Grid အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ SCADA Network ရှိ NCC ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေး အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားကာ NCC တွင် ဓာတ်အားစနစ် ထိန်းညှိကွပ်ကဲမှုလုပ်ငန်းအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေ များ ချီးမြှင့်ခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ နေပြည်တော်ပင်မဓာတ်အားခွဲရုံ (၂) သို့ ရောက်ရှိကြရာ ဓာတ်အားခွဲရုံမှူးနှင့် တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက် များ၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်၍ ၃၃ ကေဗွီ ဖီဒါများမှ နေပြည်တော်အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက နေပြည်တော်အတွင်းရှိ ပင်မဓာတ်အားခွဲရုံဖြစ်သည့်အတွက် တည်ငြိမ်သည့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုနှင့် Line Loss လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ခွဲရုံရှိ ထရန်စဖော်မာများ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးရန်၊ နေရောင်ခြည်စွမ်းအင်စနစ်စက်ရုံများမှ ဓာတ်အား ထုတ်လုပ်မှုများ ရှိလာပါက လက်ခံပို့လွှတ်ရန် ကြိုတင်ပြင်ဆင်ထားရန်နှင့် ခွဲရုံအတွင်းအပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန်တို့အား လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ချီးမြှင့် ခဲ့ပါသည်။

          ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ ၊ နိုင်ငံတော်ဓာတ်အား စနစ်သို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ပို့လွှတ် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် နေသည့် ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ခွဲရုံကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  ပုံမှန် ထိန်းသိမ်းစစ်ဆေးဆောင်ရွက်ရန်၊ ဓာတ်အားပြတ်တောက်မှုနှင့် Line Losses  လျော့နည်းကျဆင်း စေရေး အလေးပေးဆောင်ရွက်ရန်၊  ခွဲရုံအတွင်းအပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် Switch Yard အတွင်း ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏လိုအပ်ချက် များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပါသည်။

          မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၃၃ ကေဗွီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံ(၃)နေပြည်တော်သို့ရောက်ရှိရာ နေပြည်တော်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၊ အင်ဂျင်နီယာချုပ် ဦးမိုးသက်နှင့် ဓာတ်အားခွဲရုံမှူးမှ နေပြည်တော်ကောင်စီ နယ်မြေအတွင်းသို့ ၃၃ ကေဗွီ/ ၁၁ ကေဗွီ/၀.၄ ကေဗွီ ဓာတ်အားလိုင်းများဖြင့် ဓာတ်အားဖြန့်ဖြူး ပေးထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှု နှင့် Line Losses ကျဆင်းရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့်ခွဲရုံဖြစ်ရေး အလေးပေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံနှင့် Switch Yard အတွင်း ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများမှ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများချီးမြှင့်ခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း ခွဲရုံရှိ Advanced Distribution Management System (ADMS) Control Center သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၃၃ ကေဗွီခွဲရုံများအား အချိန်နှင့်တပြေးညီ Monitoring ပြုလုပ်ပြီး မြို့နယ်များသို့ ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ ပြည်သူများအတွက် အရည်အသွေးကောင်းမွန်၍ တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန်၊ Network Security ဂရုပြုဆောင်ရွက်ရန်၊ ဓာတ်အားပြတ်တောက်မှုနှင့် Line Losses လျော့နည်းကျဆင်းရန်နှင့်  ADMS သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပြီး ADMS Control Center အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
20-Jun-2022