၂၀၂၂ ခုနှစ်၊ ဇွန်လ ( ၂၂ ) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အဓိကကျသည့်အတွက် ပြည်သူလူထု လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မည့် ရေအားမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် နည်းလမ်း မျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှု (Generation) ကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ၎င်းအပြင် ဓာတ်အားပို့လွှတ်ခြင်း (Transmission) အပိုင်းတွင်လည်း ဝန်အားပြည့်နေ သည့် ဓာတ်အားလိုင်းများကို ပိုမိုပြည့်ဝစွာသယ်ဆောင်နိုင်ရန် တိုးချဲ့ တည်ဆောက်ခြင်း၊ ထို့အတူ ဓာတ်အားဖြန့်ဖြူးခြင်း (Distribution) အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်တည်ဆောက်ခြင်းတို့ကို ဟန်ချက်ညီစွာ တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အား စနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများကိုလည်း အချိန်မီပြီးစီးရေးနှင့် ဓာတ်အားခကြွေးကျန်များ ရာနှုန်းပြည့် အပြည့်အဝ ကောက်ခံရရှိရေး လုံခြုံရေးအား ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ရန်ကုန်မြို့ကြီး လှပသာယာပြီး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ ရရှိရေး ဆောင်ရွက်လျက် ရှိသဖြင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးပါရန်တို့အား ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဓာတ်အားကြွေးကျန်များ ရာနှုန်းပြည့် ကောက်ခံရရှိရေး ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လိုအပ်သည့် ရန်ပုံငွေပိုင်းဆိုင်ရာ များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
၎င်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားခများ ကောက်ခံရရှိမှု အခြေအနေများအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် မဟာ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာနှင့် သယံဇာတရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့မှ ဖြည့်စွက် ဆွေးနွေး တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။