The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၅ ) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက်  ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပေါင်းလောင်းတမံ၊ ရေထိန်းဆည်(Wier) နှင့် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။   

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်အတွင်းရှိ ပေါင်းလောင်းတမံနှင့် ရေထိန်းဆည်သို့ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးများက  ပေါင်းလောင်းတမံနှင့် ရေထိန်းဆည်၏ အထက်နှင့် အောက်တို့တွင် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေး လေ့လာ ဆောင်ရွက်နေမှု အခြေအနေတို့အားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ပေါင်းလောင်းတမံနှင့် ရေထိန်းဆည်တို့အား ထိန်းသိမ်းစောင့်ရှောက်နေမှု အခြေအနေအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းလောင်းမြစ်ကိုအခြေခံ၍ ပေါင်းလောင်းမြစ်ပေါ်တွင် အထက်ပေါင်းလောင်းဓာတ်အားပေး စက်ရုံ(၁၄၀)မဂ္ဂါဝပ်၊ နန်ချိုဓာတ်အားပေးစက်ရုံ(၄၀)မဂ္ဂါဝပ်နှင့် အောက်ပေါင်းလောင်းဓာတ်အားပေး စက်ရုံ(၂၈၀)မဂ္ဂါဝပ်တို့ကို ထုတ်လုပ်လျှက်ရှိပြီး အလယ်ပေါင်းလောင်းစက်ရုံအား (၁၆၆)မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိသည့်အပြင် စီးဆင်းလာသည့်ရေကို အကျိုးရှိစေရန် ထပ်မံ၍ Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာမှုများကို အချိန်တိုအတွင်း အမြန်ရရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ပေါင်းလောင်းရေထိန်းဆည်အတွင်း ရေဝင်ရောက်မှု၊ ရေထိန်းသိမ်း ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေ အနေများနှင့် ထရန်စဖော်မာတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ တို့အား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝ ဖြင့် ပြည်သူလူထု အသုံးပြုနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ဓာတ်အားခွဲရုံနှင့် ရုံးအဆောက်အဦး သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးသတိအမြဲရှိစေရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ဓာတ်အားခွဲရုံအတွင်းရှိ မြေနေရာလွတ်များတွင် စိုက်ပျိူးမွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက် သွားနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကာ ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
25-Jun-2022