၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ( ၈ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃) နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ( ၈ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန် တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန များနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကမ္ဘာ ပေါ်ရှိ လူမျိုးတိုင်းသည် Moving Forward ဆိုသည့်အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်း မရှိဘဲ ရှေ့ကိုဆက်လက် လျှောက်လှမ်းနေကြခြင်းဖြစ်၍ သင်တန်းသားများသည်လည်း မိမိတို့ လေ့လာဆည်းပူးခဲ့သည့် ပညာရပ်များကိုအခြေခံ၍ ဆက်လက်တိုးတက်မှုရရှိရေး အမြဲမပြတ် ကြိုးစားနေရမည် ဖြစ်ကြောင်း၊ ပညာရေးနှင့်စီးပွားရေးကဏ္ဍများသည် တုံ့ဆိုင်းနေ၍ မရသည့် အတွက် သင်တန်းသားများသည်လည်း မိမိတို့၏ စွမ်းဆောင်နိုင်စွမ်းရည်ကို အပြည့်အဝအသုံးချ၍ မိမိတို့နိုင်ငံ၏ ပညာရေးနှင့် စီးပွားရေး မြှင့်တင်နိုင်ရန် ကြိုးစားထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာ၍ ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေး၊ လျှပ်စစ်ဓာတ်အားဆုံးရှုံးမှု Losses ကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး သည့် Voltage တည်ငြိမ်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံရေးတို့ကို သင်တန်းသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အင်ဂျင်နီယာဆိုင်ရာ စာပေပညာရပ်များကို တတ်ကျွမ်းနားလည်စေရန် အမြဲလေ့လာကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားမြင့်မားလာပြီး အင်ဂျင်နီယာပညာ အမှန်တကယ် တတ်ကျွမ်းသည့် ဝန်ထမ်းများ ပေါ်ထွက်လာစေရန်အတွက် သင်တန်းများ ပို့ချပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်း စီမံခန့်ခွဲရေး ၊ စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်စေရန် နှင့် AMI စနစ်ကို Energy Meter , Server , Data Base နှင့် ဆက်သွယ်ရေး နည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ် ၊ ဓာတ်အားကွပ်ကဲ / ထိန်းသိမ်း / မောင်းနှင်စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိရေး၊ Losses ကျဆင်းရေး၊ ဓာတ်အားဖြန့်ဖြူးသည့် Voltage တည်ငြိမ်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ကဏ္ဍသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ၊ ပို့လွှတ် ၊ ဖြန့်ဖြူးရောင်းချမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သင်တန်းသားများအနေဖြင့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် တာဝန်ကျရာ ဒေသ အသီးသီးကို ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှ သင်ကြားပို့ချချက်များ အပြန်အလှန် ဆွေးနွေးခြင်းမှ ရရှိသည့်အသိပညာများ သင်တန်းသားအချင်းချင်း ဖလှယ်လို့ရသည့် အတွေ့အကြုံ များအရ လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ကြစေလိုကြောင်းနှင့် လျှပ်စစ် အင်ဂျင်နီယာကောင်းများအဖြစ် ဌာနအကျိုး ၊ ပြည်သူ့အကျိုး ၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်း စေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃)တွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အင်ဂျင်နီယာများစီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၃) တွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ညွန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံ ပေးအပ် ခဲ့ကာ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများနှင့်အတူ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။