၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပြည်သူလူထု နှင့်စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်၊ ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက် ရှိသကဲ့သို့ တိုးတက်သုံးစွဲလာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့်ရှိသော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေ သဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်း(၂)လိုင်းမှာ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၁၇၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ၍ စုစုပေါင်း ဓာတ်အားထုတ်လုပ် နိုင်မှု (၉၂၀) မဂ္ဂါဝပ်ခန့်မှာ လျော့နည်းလျက်ရှိသော်လည်း ယခုကာလတွင် မိုးရာသီရောက်ရှိပြီ ဖြစ်သ ဖြင့် ဓာတ်အားသုံးစွဲမှု လျော့ကျခြင်းနှင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဆည်ရေရရှိမှု တိုးမြင့်လာမှုများကြောင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကိုသုံးစွဲသူများ စဉ်ဆက်မပြတ် ရရှိရေး ဓာတ်အားစနစ်အား ထိန်းညှိမောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။
၃။ သို့ရာတွင် (၂၁-၇-၂၀၂၂) ရက်နေ့၌ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းမှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ၎င်းဓာတ်ငွေ့ရယူသုံးစွဲလျက် ရှိသည့် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားပမာဏ (၂၀၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်အား စနစ်အတွင်းသို့ ပို့လွှတ်နိုင်မှုမရှိခြင်းနှင့် အထက်ပိုင်းဓာတ်အားစနစ်အတွင်းရှိ ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းတာဝါတိုင်၏ မူလီများဖြုတ်ယူ၍ ပြိုလဲအောင် ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားလိုင်းတာဝါတိုင်(၂)တိုင် လဲကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းစသည်များကြောင့် (၂၄-၇-၂၀၂၂) ရက် နေ့တွင် ဝန်အားသုံးစွဲမှုနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်မှုအခြေအနေများအရ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုလျော့နည်းကာ ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရပါသည်။
၄။ ထို့အပြင် (၂၆-၇-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု များ ကြောင့် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်းမှာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သလို ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် ဓာတ်အားလိုင်းမှာလည်း ထပ်မံ၍ ဓာတ်အားပြတ်တောက်ခဲ့ သဖြင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း (၁၁၂၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက် ရှိသဖြင့် ဓာတ်အားစနစ်တည်ငြိမ်မှုလျော့ကျကာ (၁၅:၃၆) အချိန်ခန့်တွင် ဓာတ်အား ပြတ်တောက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရပါသည်။
၅။ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေး အတွက် ပြုပြင်ဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါသည်။
၆။ သို့ဖြစ်ပါ၍ ဓာတ်အားပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည့် အပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရ ခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြ ပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန