The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်

      ယနေ့နံနက်ပိုင်း၌ မြန်မာ-အိန္ဒိယလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ စတုတ္ထ အကြိမ်မြောက် ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေး (The 4th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector) ကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နှင့် အိန္ဒိယနိုင်ငံ၊ Ministry of Power မှ Secretary (Power) ဖြစ်သူ H.E. Mr. Shri Alok Kumar တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အဖွင့်အမှာစကားများ ပြောကြားကြပါသည်။

        အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Vinay Kumar နှင့် သံရုံးတာဝန်ရှိပုဂ္ဂိုလ်များ၊ အိန္ဒိယနိုင်ငံ Ministry of Power ၊ Central Electricity Authority နှင့် Ministry of External Affairs တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ဆွေးနွေးကြပြီး ရှေးဦးစွာ မြန်မာ-အိန္ဒိယလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်အစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်များကို အတည်ပြုကြပါသည်။

         ယင်းနောက် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍမြှင့်တင်နိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်နှင့် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရေးနှင့် နိုင်ငံတော်၏ လျှပ်စစ်စွမ်းအားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ စွမ်းရည် မြှင့်တင်နိုင်ရေးတို့ကို ရှေ့ရှုလျက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များဖြစ်သော နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (Sustainable Development Goals) ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည် စွမ်းအင်စီမံကိန်းများ ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအင် (Energy Efficiency) မြှင့်တင် အသုံးချနိုင်ရေး၊ ကျေးလက်ဒေသသုံး အ‌သေးစားလျှပ်စစ်ဓာတ်အားစနစ်များ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ စွမ်းဆောင်ရည် တည်ဆောက်မြှင့်တင်မှုသင်တန်းများဆိုင်ရာ အစီအမံများနှင့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြပါသည်။ ယင်းနောက် နောက်တစ်ကြိမ် ကျင်းပမည့် အစည်းအဝေး (The 5th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector)အတွက် အကြိုညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
17-Sep-2022