၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မိုးထိ၊မိုးမိ ဒေသသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များနှင့် ရမည်းသင်းခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံး သို့ ရောက်ရှိရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ ဦးအေးကျော်နှင့် တာဝန်ရှိသူများက မိုးထိ၊ မိုးမိဒေသတွင် ၂၀၁၈ ခုနှစ် နောက်ပိုင်းမှစ၍ စီမံကိန်းများ ရပ်ဆိုင်းထား ရသဖြင့် ငွေတောင် ၃၃ ကေဗွီ (၁၅ အမ်ဗွီအေ)ခွဲရုံမှ ငါးတဲစု ၃၃ ကေဗွီ (၁၀ အမ်ဗွီအေ)ခွဲရုံသို့ သွယ်တန်းထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်းကြိုးများ ပျက်စီးနေမှုအခြေအနေ၊ ငါးတဲစုခွဲရုံတွင် Transformer နှင့် Control Panel များ ပျက်စီးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ပျက်စီးနေသော အစိတ် အပိုင်းများကို အသေးစိတ်စစ်ဆေး၍ ပြင်ဆင်ရန် ကုန်ကျမှုအခြေအနေများကို အမြန်ဆုံး စိစစ် တင်ပြရန်လိုအပ်ကြောင်း၊ ငါးတဲစုခွဲရုံမှ စီမံကိန်းသို့ ဆွဲသားထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်း များနှင့် ထရန်စဖော်များ၏ အခြေအနေကိုလည်း အမြန်ဆုံး စစ်ဆေး၍ ထပ်မံတင်ပြရန်လိုအပ် ကြောင်း၊ ပြန်လည်ပြုပြင်ရန် ကုန်ကျမည့် ရန်ပုံငွေကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ ၎င်းနောက် ရမည်းသင်းမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ဝန်ထမ်းများနှင့်တွေ့ဆုံရာ၌ လုပ်ငန်းများဆောင်ရွက်စဉ် လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး ရရှိရေးသည် အဓိကကျသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာစေရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခွဲရုံနှင့် ရုံးအဆောက်အဦ အတွင်း/ အပြင်သန့်ရှင်းသာယာလှပ ရေး၊ လုံခြုံရေးသတိအမြဲရှိစေရေး၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေများ အပြည့်အဝ ကောက်ခံရရှိစေ ရေး အလေးထားဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်း လုပ်ငန်းများကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ၄င်းအပြင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးထိ၊မိုးမိဒေသသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီဓာတ်အားလိုင်းတစ်လျောက်နှင့် ငါးတဲစု ၃၃ ကေဗွီ (၁၀ အမ်ဗွီအေ)ခွဲရုံတို့၏ ပျက်စီးနေမှုအခြေအနေနှင့် ပြန်လည်ပြုပြင် ပြင်ဆင်၍ ဓာတ်အား အမြန်ဆုံး ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။