The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးပေးနိုင်းရေး လျှပ်စစ်စွမ်းအားကဏ္ဍအား ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်။

နေပြည်တော်၊  အောက်တိုဘာ ( ၁၃ ) ရက်

            ရခိုင်ပြည်နယ်အတွင်း ၁၀-၁၀-၂၀၂၂ ရက်နေ့က တရုတ်-မြန်မာ လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်သည့် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး ဖြစ်ရာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊  အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ Eco-tourism လုပ်ငန်းများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ လေအားလျှပ်စစ်အရင်းအမြစ်ကောင်းမွန်သဖြင့် လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ကျင့်ကြံဆောင်ရွက်ရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

            အောက်တိုဘာလ (၁၁) ရက်နေ့ မွန်းလွဲပိုင်း၌ စစ်တွေမြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင်  ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

            ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ခိုင်က ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိ/သုံးစွဲမှု အခြေအနေ၊ ဆောင်ရွက်ပြီးစီးခဲ့သည် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဆောင်ရွက်ဆဲ စီမံကိန်းများ၊ မာန်အောင်မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူပေးထားမှု အခြေအနေ များအားလည်းကောင်း၊ ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မိုးနှင့် မောင်တောခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးထွန်းထွန်းဦးတို့က ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအတွက် ပြန်လည်စိစစ်လက်ခံရေးစခန်း၊ ယာယီကြားစခန်းများနှင့် လျာထားကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဒေါက်တာကျော်စွာစိုးနိုင်က ရခိုင်ပြည်နယ် အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများအား ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

            တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရခိုင်ပြည်နယ်အတွင်း တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ကြိုတင်တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ 

            ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆ ကေဗွီ၊   ၁၀ အမ်ဗွီအေ၊ စစ်တွေဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ခိုင်က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပါ ကျေးရွာများတွင် တပ်ဆင် အသုံးပြုမည့် ထရန်စဖော်မာများ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားရန် လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု Line Fault နှင့် Line Losses လျော့နည်း ကျဆင်းရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
13-Oct-2022