(စီမံကိန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းရှိသည့် ၂၀ မဂ္ဂါဝပ် တောင်တော်ကွင်းဆိုလာစက်ရုံအား စစ်ဆေး)
ကမ္ဘာမြေပေါ်ရှိ ရုပ်ကြွင်းလောင်စာရင်းမြစ်များ (Non-renewable Resources) သည် နှစ်ကာလ ကန့်သတ်ချက်ဖြင့်သာ ထုတ်ယူသုံးစွဲနိုင်သည်ဖြစ်ပြီး တစ်ချိန်တွင် လျော့နည်းကုန်ခမ်း သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲခြင်းသည်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နေရောင်ခြည်စွမ်းအင်ရင်းမြစ် ပေါကြွယ်ဝသဖြင့် Mega Solar Power Project များအား အောင်မြင်စွာ ဆောင်ရွက်ခြင်းသည် အထူးသင့်လျော်ကောင်းမွန်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
ယခုလ ၂၅ ရက်နေ့ နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြိုနယ်ရှိ တောင်တော်ကွင်းနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံအား စစ်ဆေးစဉ် တာဝန်ရှိသူ များအား ဒုတိယဝန်ကြီးက ထိုကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ဦးစွာ အဆိုပါ ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား Green Power Genergy Co., Ltd. တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု၊ နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ် (National Grid System) သို့ ၁၃၂ ကေဗွီ တောင်တော်ကွင်း ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားချိတ်ဆက်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်းတို့က ဖြည့်စွက်ရှင်းလင်းကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယခုစက်ရုံတွင် IEC Standard နှင့် ကိုက်ညီသော Bifacial Monocrystalline Silicon PV Module များ တပ်ဆင်ထားပြီး ဆိုလာ Tracking System တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်စွမ်းရည် ကောင်းမွန်မည် ဖြစ်ပါကြောင်း၊ မြေနေရာများ ကျန်ရှိသည့်အတွက် နောင်တွင် ထပ်မံတိုးချဲ့ တပ်ဆင်မှုများ ရှိလာနိုင်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထပ်မံ တိုးတက်လာမည့် တပ်ဆင်အင်အားများအတွက် ဓာတ်အားခွဲရုံ၌ ဓာတ်အားလက်ခံနိုင်ရေး ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓာတ်အားစမ်းသပ်ပို့လွှတ်မှုများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆိုလာစနစ်များအတွက် Performance Monitoring နှင့် Cleaning များသည်လည်း အရေးကြီးပါကြောင်း၊ Bificial PV Module များကို အသုံးပြုထားသဖြင့် မြေပြင်အား ရှင်းလင်းထားရန် လိုအပ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် စက်ရုံအနီးဝန်းကျင်ဒေသများမှ လုပ်သားအင်အားများကို အသုံးပြု ခဲ့သဖြင့် လူမှုအကျိုးစီးပွားဘဝ မြှင့်တင်ပေးနိုင်ခဲ့သလို စက်ရုံလည်ပတ်မောင်းနှင်ချိန် တွင်လည်း ဒေသခံ လူငယ်အင်ဂျင်နီယာများကို လေ့ကျင့်သင်ကြားခန့်အပ်ထားခြင်းသည် ကောင်းမွန် ပါကြောင်း၊ ရေရှည်အတွက် Power Quality ကောင်းမွန်သော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် စီမံကိန်း ရှုရပ်မှနေ၍ ဆိုလာမော်ကျူးများ တပ်ဆင်ထားမှုကိုလည်းကောင်း၊ စက်ရုံ ထိန်းချုပ် အဆောက်အအုံတွင် ထိန်းချုပ်ရေးဆိုင်ရာ စက်ကိရိယာပစ္စည်းများ တပ်ဆင်ထားမှုကိုလည်းကောင်း၊ စက်ရုံအတွင်း၌ ဆိုလာမော်ကျူးများ၊ Inverter များ၊ Box Transformer များ၊ Switchgear များ တပ်ဆင်ထားမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များအား လမ်းညွှန် မှာကြားသည်။
တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ် သံရွာအနီးရှိ မြေဧရိယာ ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co., Ltd. က အကောင်အထည်ဖော်နေသည့် တပ်ဆင်စက်အင်အား ၂၀ မဂ္ဂါဝပ်ရှိသော စက်ရုံတစ်ရုံဖြစ်ကာ လျှပ်စစ်စွမ်းအား ၅၄၅ ဝပ်ရှိသည့် Bifacial Monocrystalline Silicon Module ပေါင်း ၄၅၉၈၀ ခု၊ Single Axis Solar Tracker ၆၀၅ စုံ၊ Box Transformer ၄ ခု၊ ၃၃ ကေဗွီ Air Insulated Switchgear တပ်ဆင်ထားပြီး မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည်ဖော်ပြီးစီးလာမည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိ စီမံကိန်းပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ဖြစ်သည်။ မကြာမီတွင် စက်ရုံ စတင်လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅ သန်း ထုတ်လုပ်ပေးသွားမည်ဖြစ်ကာ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ၆.၀၅ မိုင်ခန့်ရှိ့သည့် ၃၃ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်းဖြင့် ၁၃၂ ကေဗွီ တောင်တော်ကွင်းဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။