The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၁၆ ) ရက်

          ရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝင်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၁၅ ရက်တွင် မော်စကိုမြို့ရှိ Obninsk တက္ကသိုလ်၊ Rosatom Technical Academy နှင့် ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant များသို့ သွားရောက် လေ့လာကြသည်။

          ဉီးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးသောင်းဟန်၊ ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး အစည်းဝေးခန်းမတွင် ပါမောက္ခချုပ် Alexey Panov Tatiana Osipova နှင့် တာဝန်ရှိသူတို့က နိုင်ငံပေါင်း ၆၈ နိုင်ငံတို့မှ လာရောက်၍ ပညာတော်သင် ကျောင်းသူ/ ကျောင်းသားများအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုဆိုင်ရာများ၊ တက္ကသိုလ်တွင် ဖွဲ့စည်းထားရှိသော ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြကြသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးများက နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး တက္ကသိုလ် နှင့်ပတ်သက်၍ သိရှိလိုသည်များအား အသေးစိတ် မေးမြန်းကြသည်။

            ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်အတွင်း Engineering Obninsk Institute For Nuclear Power၊ Rosatom Resource Center တို့အား လည်းကောင်း၊ Innovation and Technology Center ရှိ Design Laboratories and student office တို့အား လည်းကောင်း၊ Nuclear Power Plant Sinmulator များ၊ Pharmaceutical Center for Practical Competencies and Training and Simulation Center တို့အား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြမှုများအပေါ် သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosaton Technical Academy သို့သွားရောက် လေ့လာကြရာ တက္ကသိုလ် ရှင်းလင်းဆောင်၌ ပါမောက္ခချုပ် Yuri Seleznev က တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ ဘာသာရပ်ဆိုင်ရာများအလိုက် လေ့ကျင့်သင်ကြားပေးမှုများ၊ သင်တန်းသားများအား စာတွေ့ လက်တွေ့သင်ကြားပေးနေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူပေါင်း ဆောင်ရွက်နေမှု အခြေအနေများအား ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုပါတက္ကသိုလ်အတွင်း စာပေဌာနတစ်ခုခြင်းစီအလိုက် စာတွေ့လက်တွေ့လေ့ကျင့် သရုပ်ပြသမှုများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများ၊ ဆေးပညာရပ်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေမှုများ၊ နျူကလီးယား စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ပုံ အဆင့်ဆင့်အား 3D နည်းပညာဖြင့် ရှင်းလင်းပြသမှုများအား လိုက်လံကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာတာဝန် ရှိသူများက အသေးစိတ် ရှင်းလင်းပြသကြသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကာလုကာခရိုင်ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant  အား သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။

           အဆိုပါ Obninsk Nuclear Power Plant သည် ၁၉၅၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး  ၁၉၅၄ ခုနှစ်တွင် စက်ရုံ စတင်လည်ပတ်ခဲ့သည်။ 6 MW တပ်ဆင်အင်အားရှိသည့် စက်ရုံမှ ၁၉၅၄ ခုနှစ်တွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး စတင်ဓာတ်အားဖြန့်ဖြူးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဓာတ်အားပေးစက်ရုံကို ဓာတ်အားထုတ်လုပ်ခြင်းအား ရပ်ဆိုင်းထားပြီး ပြန်လည်မွန်မံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ နှစ်ပေါင်း ၄၈ နှစ်ကြာသည့်တိုင်အောင် လည်ပတ်မောင်းနှင်ခဲ့ရာတွင်  မည်သည့်ထိခိုက်မှုတစ်စုံတရာမျှမရှိဘဲ နိုင်ငံတကာမှ အလေးထား လာရောက်လေ့လာနေရသည့် စက်ရုံတစ်ခုလည်း ဖြစ်သည်။ ယခုအခါတွင် စက်ရုံအား ပြတိုက်အဖြစ် ဆောင်ရွက်ထားရှိပြီး Hight Power Channel Type Reactor သုံး ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

 

credit : ပြန်ကြားရေးဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
18-Nov-2022