The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၂၇ ) ရက်    

 

          ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊  ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊  ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ/ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနသည် နိုင်ငံတဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဌာနဖြစ်သည့်အတွက် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဆောင်ရွက်မည့် အစီမံများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် နိုင်ငံတော် ၏ တိုးတက် သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား  အမြန်ဆုံးတိုးတက် ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုသို့ စီမံ ဆောင်ရွက်နေသည့် ကာလများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမမျှတ၍ လိုအပ်ချက်များ ရှိနေပါကြောင်း၊ ထိုလိုအပ်ချက်များကို ပြည့်မီနိုင်ရန် စီမံဆောင်ရွက် ထားပြီးဖြစ်သော်လည်း သတ်မှတ်နှစ်များတွင်မှသာ ထွက်ရှိလာမည်ဖြစ်သဖြင့် သတ်မှတ်နှစ်များအတိုင်း အချိန်မီလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများ ထံရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေးအပိုင်းတို့သည်လည်း အရေးပါလျက်ရှိကြောင်း၊ လာမည့် နွေရာသီ ကာလတွင် ပြည်သူလူထု၏ တနေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်သော်လည်း ရရှိသည့်လျှပ်စစ်ဓာတ်အားကို လူတိုင်း အချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူးပေးသွားမည့် အစီအမံများချမှတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ အချိန်ပိုင်းအလိုက်  ဓာတ်အားသုံးစွဲမှုပေးဝေ နိုင်သော အချိန်များတွင်လည်း ရရှိသည့်အချိန်အတိုင်း အပြည့်အဝရရှိစေရန် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသဖြင့် ကြိုတင်၍ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း စေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် ဓာတ်အား လိုင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း အပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်း တစ်လိုင်းမှ ပြန်လည်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေရသည့် ဌာနဖြစ်သည့်အလျောက် မိမိတို့ လုပ်ဆောင်မှုများအပေါ် ပြည်သူများမှ နားလည်လက်ခံလာစေရေး ထိတွေ့ပြောဆိုချပြ ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုသို့ အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ် ဓာတ်အားများ စဉ်ဆက်မပြတ်ဖြန့်ဖြူး ပေးနိုင်ရေးအားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဌာနအကြီးအကဲများအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများ နှင့် အမြဲတစေတွေ့ဆုံနေကာ လိုအပ်သည့် သက်သာချောင်ချိရေး ကိစ္စရပ်များနှင့် အခက်အခဲ များကို ဖြေရှင်းဆောင်ရွက် ပေးနေရန်လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် မကြာမီ ကုန်ဆုံး‌တော့မည်ဖြစ်၍ မိမိတို့၏ ရရှိသည့်ဘဏ္ဍာငွေများအပေါ် သတ်မှတ်သည့် စီမံကိန်းများအား ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

       ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဓာတ်အားထုတ်လုပ်မှုအခြေအနေများအား လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများနှင့် ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ လည်းကောင်း အသီး သီးရှင်းလင်းတင်ပြကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဦးစီးဌာန၊ လုပ်ငန်းများအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက  ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Nov-2022