The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဒီဇင်ဘာလ (၂၅) ရက်

   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများအား အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝအောင် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အားများ မပြတ်တောက်စေရေးနှင့် တည်ငြိမ်ပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် စီမံချက်အတိုင်း လုပ်ငန်းများကို လစ်ဟာမှု မရှိအောင် အထူးအရေးကြီး တာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။     

  ယခုလ (၂၅) ရက်နေ့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး ပြင်ဆင်ဆောင်ရွက်ထားမှုများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများလိုက်ပါလျက် ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများ၊  အခမ်းအနားများ ကျင်းပပြုလုပ်မည့်နေရာများသို့ ကြည့်ရှုစစ်ဆေးစဉ် ထိုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

   ဉီးစွာ နံနက်ပိုင်း၌ တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး ဦးထွန်းထွန်းဝင်းက အခမ်းအနားကျင်းပစဉ်ကာလအတွင်း ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ၂၃၀ ကေဗွီ သာစည်လိုင်းနှင့် ၂၃၀ ကေဗွီ ပျဉ်မနားလိုင်း ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရမည်းသင်းမြို့သို့ ပို့လွှတ်မည့် ၆၆ ကေဗွီ တိုးချဲ့ Gantry လုပ်ငန်း ဆောင်ရွက်နေမှု၊ နေရောင်ခြည်စွမ်အင်သုံး ဆိုလာစီမံကိန်းများ၏ Gantry အတွက် မြေနေရာပြင်ဆင်ထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

     ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်ရှိ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး ဒေါ်စိုးရူပါသိန်းက အခမ်းအနားကျင်းပစဉ်ကာလအတွင်း ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ၂၃၀/၃၃/၁၁ ကေဗွီ၊ ၃၃.၃ အမ်ဗွီအေ Y Phase ထရန်စဖော်မာ၏ Bushing များ အပူချိန်မြင့်တက်လာ၍ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနှင့် ၂၃၀ ကေဗွီ နေပြည်တော် (၁) - နေပြည်တော် (၂) ဓာတ်အားလိုင်းအတွက် တိုးချဲ့ Gantry ရှိ မြို့ပြပိုင်း တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

   ယင်းနောက် မွန်းလွဲပိုင်း၌ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကျင်းပစဉ် ဓာတ်အားဖြန့်ဖြူးပေးထားမည့် ဓာတ်အားဖြန့်ဖြူးရေး ခွဲရုံများအား သွားရောက်စစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နေပြည်တော် အင်ဂျင်နီယာချုပ် ဦးမိုးသက်နှင့် ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းတို့က လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြကြပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ဖြည့်စွက်ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ကြီးကြပ်သူများသည် အဖွဲ့ဝင်အားလုံးအား စဉ်ဆက်မပြတ် ကွပ်ကဲစစ်ဆေးသွားရန်၊ အဖွဲ့ဝင်များကလည်း လိုအပ်သည်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်၊ မမျှော်လင့်ဘဲ ပင်မဓာတ်အားလိုင်း ပြတ်တောက်ပါက အရန်ဓာတ်အားလိုင်းဖြင့် အမြန်ဆုံး ချိတ်ဆက်ဆောင်ရွက်ရန်၊ UPS များ၊ Battery Bank များ၊  Transformer နှင့် Switchgear Control Panel များ၊ အရန်ဓာတ်အားလိုင်းများနှင့် အရန်မီးစက်များအား ကြံ့ခိုင်မှု ကောင်းမွန်စေရေး အလေးပေးဆောင်ရွက်ရန်၊ ဓာတ်အားဖြန့်ဖြူးမည့် နေရာများအား အမြဲမပြတ် စစ်ဆေးရန်၊ အရန်ပစ္စည်း ကိရိယာများအား အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ကြရန်၊ လာမည့် နွေရာသီအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက် သွားကြရန်နှင့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
27-Dec-2022