The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

လွိုင်ကော်၊ ဇန်နဝါရီလ (၁၄) ရက်

(ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက်

ကယားပြည်နယ်အတွင်း  လျှပ်စစ်ဝန်ထမ်းများနှင့် တွေ့ဆုံ)

 

            နိုင်ငံတော်နှင့် ပြည်သူများအား အကျိုးပြုစေရေး၊ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ မှစ၍ ပြည်နယ်အတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများမှတစ်ဆင့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအား အထူးလေးစားဂုဏ်ပြုပါကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

    ယခုလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်း၌ ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူး၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လျှပ်စစ်ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအတွင်း ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

    ဦးစွာ ဒုတိယဝန်ကြီးနှင့် ပြည်နယ် သယံဇာတရေးရာဝန်ကြီးတို့က အမှာစကားများ ပြောကြားကြပြီးနောက် ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတွဲမြင့်က ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်နယ်အတွင်းရှိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲ နိုင်ရေး ဆောင်ရွက်ရန်၊ ကျေးရွာများတွင် ဒီဇယ်စက်များအစား အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့်  Solar PV Hybrid Mini – Grid များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဓာတ်အားလိုင်းများအား ပြုပြင်ထိန်းသိမ်းရန် တိုက်တွန်းမှာကြားသည်။  

    ထို့နောက် ဘီလူးချောင်း အမှတ် (၁) ရေအားလျှပ်စစ်ဓာတ်အားပေစက်ရုံမှ စက်ရုံမှူး ဦးညီညီအောင်က ဘီလူးချောင်း အမှတ် (၁)၊ (၂)၊ (၃) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မိုးဗြဲရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လွိုင်ကော်မဟာဓာတ်အားလိုင်းမှူးရုံးမှ လိုင်းမှူး ဦးအမ်ဘရိုစ့်နန်လမ်းမန်က မသမာသူများ၏ ဖောက်ခွဲဖျက်ဆီးခံရသည့် မဟာဓာတ်အားလိုင်းများအား ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံမှ ခေတ္တခွဲရုံမှူး လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်မိုးမြင့်နိုင်က ဓာတ်အားခွဲရုံ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

    တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက  လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ရန်၊ အထက်အောက် မိသားစုသဖွယ် ရင်းနှီးပွင့်လင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်ဆောင်ရွက် ကြရန်၊ မိမိတို့ လုပ်ငန်းခွင်အတွင်း အစဉ်အမြဲ တိုးတက်မှုရှိအောင် ဆောင်ရွက်ကြရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဂရုပြုဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးတို့က  လျှပ်စစ်ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
16-Jan-2023