The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးသည့်သတင်း

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  (၃၀) ရက်

        လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စု ဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် (၇၅)နှစ်မြောက်ကာလအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်လက်တွဲဆောင်ရွက်ခဲ့မှု အကျိုးရလဒ်အဖြစ် ကဏ္ဍပေါင်းစုံ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ နှစ်နိုင်ငံအကြီးအကဲများအကြား ဆွေးနွေးဆောင်ရွက်ခဲ့မှုများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည့် အခြေအနေများ၊ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့စဉ် ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအား လေ့လာခဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင်ရှိသော ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်စသည့် အရင်းအမြစ်များကို အသုံးပြု၍ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊ လျာထားစီမံကိန်းနေရာများသို့ စူးစမ်းလေ့လာရေး သွားရောက် နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း တွင်ကျယ်စွာအသုံးပြုလာ နိုင်မည့် လျှပ်စစ်မော်တော်ယာဉ်သုံး လီသီယံဘတ္ထရီ ထုတ်လုပ်ရေးစက်ရုံများတွင် ရုရှားကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့်အခြေအနေများ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချရေးတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပုံစံများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Jan-2023