The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လျှပ်စစ် ဓာတ်အားပြည့်ဝစွာရရှိသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောလဟယ်မြို့ အနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ ဟွေထိုက်ချောင်းပေါ်ရှိ ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရိလ ၁၅ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။       

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစိတ် စူးစမ်းလေ့လာတိုင်းတာမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ရရှိလာသော အချက်အလက်များဖြင့် ပြုစုထားသော တိုက်ရိုက် ရေသွယ်စနစ်သုံး(Run-of-River Type)စီမံကိန်းနေရာချထားမှုပုံစံ (Project Formulation) အရ ရွေးချယ်ထားသည့် ကွန်ကရစ်ရေလွှဲဆည်နေရာသို့ ရောက်ရှိရာ စီမံကိန်းယာယီ ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် နှင့် တာဝန်ရှိသူများက ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းအား စူးစမ်းတိုင်းတာထားမှု အခြေအနေ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဒီဇိုင်းတွက်ချက် လျက်ရှိသည့် စီမံကိန်းစနစ်ပုံစံနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက စက်၊ ယာဉ်ယန္တရားများ စီမံကိန်းလုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရမည့် အခြေအနေများ၊ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်များဖြစ်သည့် ဘိလပ်မြေ၊ ဒီဇယ်ဆီ၊ သံချောင်းလုံးတို့ကို စီမံကိန်းလုပ်ငန်းခွင်နှင့် ကြားစခန်းများသို့ သယ်ယူ၊ပို့ဆောင်၊ သိုလှောင်သိမ်းဆည်း ထားရမည့်အခြေအနေများ၊ စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ် ထားရှိမှုအခြေအနေ၊ စီမံကိန်းအခြေစိုက်စခန်း တည်ဆောက်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်စီစဉ် ဆောင်ရွက်ထားရမည့်အခြေအနေများ၊ စီမံကိန်းကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရေး အတွက် ရေအားအဆောက်အအုံများ ရွေးချယ်တည်ဆောက်မှုကို အသင့်လျော်ဆုံး ဖြစ်အောင် နည်းလမ်းအမျိုးမျိုးဖြင့်စိစစ်ပြီး ဝန်ကြီးဌာန နည်းပညာဆိုင်ရာကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်သွားရန် တို့နှင့်ပတ်သက်၍ မှာကြားခဲ့ပြီး ပင်မတမံ တည်ဆောက်မည့်မြေနေရာ၊ ရေထိန်းကန် တည်ဆောက်မည့်နေရာနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာတို့အား ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

   ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟွေထိုက်ချောင်းပေါ်တွင် အမြင့် (၈၂)ပေခန့်ရှိသည့် ကွန်ကရစ်ရေလွှဲဆည်၊ အလျား(၁၇၈၃) ပေခန့်ရှိသည့် ရေသွယ်မြောင်း၊ ရေထိန်းကန်၊ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် ရေအားအဆောက်အအုံ များ ပါဝင်သည့် တိုက်ရိုက်ရေသွယ်စနစ်ပုံစံ (Run-of-River Type) ဖြင့် တည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၄)မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ပျှမ်းမျှ ဓာတ်အား (၂၁)  ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသည့် ကျလွေအသေးစားရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများမှ စက်ရုံတည်ဆောက်ခဲ့မှု အခြေအနေနှင့် လဟယ်မြို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်များ၏ ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်များအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်တို့နှင့် ပတ်သက်၍ မှာကြားခဲ့ပြီး ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှု၊ ရေသွယ် ပိုက်လိုင်း၊ ရေထိန်းကန်၊ ရေသွယ်မြောင်းနှင့် ရေလွှဲဆည်တို့အား လှည်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ 

   ကျလွေအသေးစားရေအားလျှပ်စစ်စက်ရုံသည် (၁၅၀)ကီလိုဝပ် ဓာတ်အားပေး စက်(၂)လုံးဖြင့် ဓာတ်အားထုတ်လုပ်၍ လဟယ်မြို့ရှိ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အား ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိပါ သည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လဟယ်မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီ အမှတ်(၉၄၁) ျဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၏ သိမ်မြေနေရာပြုပြင်ခြင်း၊ မြေညှိခြင်း နှင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များအား မှာကြားခဲ့ပါသည်။ ၄င်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းတိုက်သို့ သွားရောက်ပြီး  လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

  ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် (၁၆-၂-၂၀၂၃)ရက်နေ့တွင် ခန္တီးမြို့တစ်ဖက်ကမ်း ဆင်သေရပ်ကွက်အနီး ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းနှင့် ခန္တီးမြို့အနီး ဆောင်ရွက်မည့် အသေးစားရေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်ရာတွင် အသုံးပြုမည့် အခြေစိုက်စခန်းမြေနေရာ ရွေးချယ်ထားမှုအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ၄င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မုံရွာလေဆိပ်၌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တွေ့ဆုံ၍ အခြေစိုက်စခန်းမြေနေရာရရှိရေး၊ တည်ဆောက်ရေး လုပ်ငန်းသုံးအဓိကပစ္စည်းများ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များတွင် သယ်ယူစရိတ် သက်သာစေရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Feb-2023