The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၃ ခုနှစ်၊ မတ်လ (  ၁၉ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ ၁၃၂ ကေဗွီ တောင်ကြီးပင်မ ဓာတ်အားခွဲရုံနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ကျောက်တလုံးကြီးမြို့ရှိ ၆၆ ကေဗွီ နောင်ကားဓာတ်အား ခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ ဓာတ်အားခွဲရုံအတွင်းအပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးသည် ၁၃၂ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ တောင်ကြီးပင်မဓာတ်အားခွဲရုံ သို့ ရောက်ရှိရာ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဓာတ်အားခွဲရုံမှူးက  ဓာတ်အားခွဲရုံ ဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား လိုက်လံ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထရန်စဖော်မာဝန်အားစာရင်းအား အမြဲစိစစ်၍ မှတ်တမ်း ရေးသွင်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများအားပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှု မရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာပူးပေါင်း ဆောင်ရွက်သွားကြရန်မှာကြားပြီး ဝန်ထမ်းများ၏တင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့နှင့် ဟိုပုံးမြို့များသို့ ဓာတ်အားဖြန့်ဖြူး ပေးနေသည့် ၆၆ကေဗွီ တောင်ကြီး အမှတ်(၂) ဓာတ်အားခွဲရုံသို့ရောက်ရှိရာ Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေများနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရှိရပါသည်။   

Post under by : ဝန်ကြီးရုံး
19-Mar-2023