၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၉) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားပေးစက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ညွှန်ကြားရေးမှူးချူပ်များ၊ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ဓာတ်အားပေးစက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူးများနှင့် ပင်မ ဓာတ်အားခွဲရုံမှူးများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက် အတွေ့အကြုံများကိုရယူပြီး ပြန်လည်သုံးသပ်ဆွေးနွေးရန်နှင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် အားနည်းချက်များကို ပြုပြင်ပြီး ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နှစ်သစ်တွင် လူသစ်စိတ်သစ်ဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင် သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ် ဓာတ်အားအမြန်ဆုံး တိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတနေသည်ကိုလည်း တတ်နိုင်သမှျ ပြည်သူလူထု၏ လိုအပ်ချက်ကို ထိန်းညှိ၍ ဖြန့်ဖြူးပေးနေရပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိအောင် ကြိိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အတွင်း သက်ဆိုင်ရာ ဓာတ်အားပေးစက်ရုံမှူး၊ မဟာဓာတ်အားလိုင်းမှူးနှင့် ဓာတ်အား ခွဲရုံမှူးများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ဓာတ်အားထုတ်လုပ်ခြင်း၊ ဓာတ်အား ပို့လွှတ်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့်အတွက် နိုင်ငံတော်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါကြောင်း၊ ဆက်လက် ၍လည်း ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံး (Losses)ဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီရောက်ရှိစေရေး အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံကြီးများ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် အဖျက်အမှောက်လုပ်ငန်းများ မပြုလုပ်နိုင်စေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား စီမံဆောင်ရွက်သွားရန်နှင့် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား စနစ်တကျစစ်ဆေး ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ဓာတ်အားလိုင်းများနှင့်ပတ်သက်၍လည်း ဓာတ်အားလိုင်းအပြစ်ဖြစ်ပွားမှု မရှိစေ ရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားလိုင်းများ တစ်လျှောက် စနစ်တကျစစ်ဆေးဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ်တွင်လည်း စိတ်ဝင်စားမှုရှိရန်နှင့် နားလည်တတ်ကျွမ်း မှုရှိအောင် စဉ်ဆက်မပြတ်လေ့လာ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဓာတ်အားပေး စက်ရုံ၊ ဓာတ်အားခွဲရုံနှင့် ရုံးအဆောက်အဉီများ သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ရန်နှင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့် အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင် စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံရှိ မြေနေရာ လွတ်များတွင်လည်း သီးပင်စားပင် အရိပ်ရအပင်များကိုလည်း စနစ်တကျ စိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း၊ မိမိလက်အောက်ဝန်ထမ်းများ၏ အရည်အသွေး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် သင်တန်းအစီအစဉ်များနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး ကိုလည်း ဂရုပြုဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများတွင် မိမိတို့ကျရာ အခန်းကဏ္ဍများမှ တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း တို့အား ပြောကြားခဲ့ပါသည်။
ထို့နောက် ဓာတ်အားပေးစက်ရုံမှူးများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက် အလက်များနှင့် မိမိတို့ဓာတ်အားပေးစက်ရုံများအလိုက် ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေများအားလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူးများက မိမိတို့တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ရသည့် ဓာတ်အားလိုင်းများ၏ အခြေအနေနှင့် ဓာတ်အားလိုင်းအပြစ် ဖြစ်ပေါ် ပါက ပြုပြင်ဆောင်ရွက်ရမှု အခြေအနေများအားလည်းကောင်း၊ ပင်မဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားလက်ခံပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဌာနကြီးမှူးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေး တင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
၎င်းနောက် ညပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားလိုင်းများ ပြတ်တောက်ရာတွင် အချိန်နှင့်တပြေးညီ ပြင်ဆင်ခဲ့သည့် မဟာဓာတ်အားလိုင်းမှူးများနှင့် ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ထိန်းညှိဖြန့်ဖြူးဆောင်ရွက်ပေးခဲ့သည့် ဓာတ်အားပေးစက်ရုံမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများ၊ နေပြည်တော်တွင် အတာသင်္ကြန် ကာလအတွင်း ဝန်ကြီးဌာနကိုယ်စားပြု ဖျော်ဖြေပေးခဲ့သည့် သင်္ကြန်ယိမ်းအဖွဲ့တွင် ပါဝင်သော ဝန်ထမ်းများအား ဂုဏ်ပြုသည့် ညစာစားပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် အခမ်းအနားသို့တက်ရောက်လာသည့် ဝန်ထမ်းများ နှင့်အတူ ညစာအတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။