The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊  ဧပြီလ (၂၀) ရက်        

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နမ့်ဝုတ်(၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင် နီယာများ၊ ဓာတ်အားခွဲရုံမှူးများ၊ မြို့နယ်လျှပ်စစ်မှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သစ်ဆန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးကမှာကြားရာ၌ ယခုအချိန်ကာလသည် ပူပြင်း နေသောအချိန်ကာလဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားများ ယခင်ကထက် ပိုမိုလိုအပ်လျက်ရှိနေပါကြောင်း၊ မြို့နယ်အသီးသီး၌လည်း ဓာတ်အားလိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရသည့် အတွက် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများတည်ဆောက်၍ တပိုင်တနိုင်ဓာတ်အားထုတ်လုပ်သွားနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျိုင်းတုံမှ မိုင်းခတ်သို့ ၆၆ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းသည် ၇၀ ရာခိုင် နှုန်းခန့်နှင့် ကျိုင်းတုံမှ မိုင်းခုတ်၊ မိုင်းဆတ် ၆၆ ကေဗွီ ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းသည် ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်၍ ဓာတ်အားလိုင်းများ ရာနှုန်းပြည့် ပြီးစီး နိုင်ရေးကိုလည်း တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မဟာဓာတ်အားလိုင်းမှ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးနှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်စဉ် အခက်အခဲရှိပါက အချိန်နှင့်တပြေးညီ တင်ပြနိုင်သကဲ့သို့ ဝန်ထမ်းများနှင့်အနီးကပ်ရှိနေသော တာဝန်ရှိသူများကလည်း လိုအပ်သည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ကျိုင်းတုံမြို့၏ တောင်ဘက် (၁၀)မိုင်ခန့်အကွာ နမ့်ဝုတ်ချောင်းပေါ်တွင် စက်တပ်ဆင်အင်အား ၃ မဂ္ဂါဝပ်ရှိ နမ့်ဝုတ်(၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ  လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်ရုံတည်ဆောက်ခဲ့မှု၊ နမ့်ဝုတ်ချောင်းအတွင်း နှစ်စဉ် ရေဝင်ရောက်စီးဆင်းမှုနှင့် ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်ရုံ ရေရှည်လည်ပတ် ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ကောင်းမွန်ရေး ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား ပုံမှန် စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှု၊ ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အား ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် ရေလွဲဆည်အတွင်း ရေဝင်ရောက်စီးဆင်းနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
20-Apr-2023