The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ထားသည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ (၈)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီးဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချူပ်များ၊ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တည်ဆောက်ရေးညွှန်ကြားရေးမှူးများက သက်ဆိုင်ရာဒေသမှနေ၍ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မကြာမီရက်ပိုင်း အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ ကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်လာနိုင်သည့် သတိပေးချက်များရှိသည့်အတွက် ယခုအစည်းအဝေးအား ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း မုန်တိုင်းတိုက်ခတ်မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရုံး၊ ဌာနများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများတွင် တတ်နိုင်သမျှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ ရန်နှင့် ဘေးအန္တရာယ်ကျရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် လုံလောက်သော အင်အားများကို ရုံးချုပ်မှ ဦးဆောင်သူများ ဦးဆောင်၍  ဖွဲ့စည်းထားရန်နှင့် ယာဉ်၊ ယန္တရားပစ္စည်းများကို စီမံချက်ပါ အတိုင်း ကြိုတင်ဖြန့်ခွဲထားရှိရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် အရေးကြီးသောနေရာများ ဖြစ်သည့် ကွပ်ကဲမှုရုံး၊ ဆေးရုံ၊ အုပ်ချုပ်မှု အဆောက်အဦဖြစ်သည့်  ကယ်ဆယ်ရေးစခန်း နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေး အရန်မီးစက်များကို ကြိုတင် ဖြန့်ခွဲထားရှိရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးကျရောက်နေချိန်များတွင်လည်း  လျှပ်စစ် အန္တရာယ်မဖြစ်ပေါ်စေရေး ဓာတ်အားဖွင့်/ပိတ်စနစ်များကိုလည်း စနစ်တကျ ထိန်းချုပ်ထားရန် လိုအပ်ပါကြောင်း၊  ဆက်သွယ်မှုစနစ် ပြတ်တောက်သွားမှု မရှိစေရန် အရေးပေါ်ဆက်သွယ်မှု စနစ်များကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ထားရှိသည့် အစီအမံများအတိုင်း ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ တည်ဆောက်ဆဲ စီမံကိန်းများဖြစ်သော သံတွဲဒေသရှိ သူဌေးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွင် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဖြစ်သော စီမံကိန်းဆိုင်ရာ အဆောက်အအုံများနှင့် တမံများကို သဘာဝဘေးကြောင့် ထိခိုက်သက်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ် ဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်ဆဲဖြစ်သော ကျောက်ဖြူဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကိုကိုးကျွန်းနှင့် မာန်အောင်ကျွန်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနှင့် စေတုတ္တရာဒေသရှိ  ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုလည်း ထိခိုက်ပျက်စီးမှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားကြရန် တို့အား ပြောကြားခဲ့ပါသည်။  

   ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ဌာန၊ နယ်မြေဒေသအလိုက် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများအား အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက သုံးသပ် ဆွေးနွေးတင်ပြခဲ့ကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
08-May-2023