၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၁၄ ) ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည် ဆိုင်ရာစီးပွားရေးဖိုရမ်တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်း၊ ဒေသစံတော်ချိန် ၁၀ နာရီခန့်တွင် စိန့်ပီတာစဘတ်မြို့အနီးရှိ JSC Atomenergomash (AEM-Technologies ‘Izhora’) အပူစွမ်းအင်သုံးနှင့် နည်းပညာဆိုင်ရာ Service ဆောင်ရွက်ပေးနေသော အလုပ်ရုံသို့သွားရောက် လေ့လာကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် JSC Atomenergomash (AEM-Technologies ‘Izhora’) အလုပ်ရုံသို့ရောက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အလုပ်ရုံအမှတ်(၃၃)(၃၄)အတွင်း၌ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တွင် အသုံးပြုဆောင်ရွက်နေသော ဘွိုင်လာနှင့်တာဘိုင်ပစ္စည်းများကို ထုတ်လုပ်မှုနှင့် တပ်ဆင်နေမှုများအား လေ့လာခဲ့ကြပါသည်။
ယင်းနောက် အလုပ်ရုံအစည်းအဝေးခန်းမတွင် JSC Atomenergomash (AEM-Technologies ‘Izhora’) ၏ Director General Mr.Kotov Igor မှ အလုပ်ရုံလည်ပတ် ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်မှု Power Point Video Clip ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အလုပ်ရုံနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးပြီး မေးမြန်းခဲ့ကြသည်။
ထို့နောက် ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်း၊ ဒေသစံတော်ချိန် ၁၂ နာရီခန့်တွင် Central Design Bureau of Mechanical Engineering အလုပ်ရုံသို့ ရောက်ရှိခဲ့ပါသည်။
အဆိုပါအလုပ်ရုံ၏ Production Director Mr. Alexy Kuzmin မှ အလုပ်ရုံမှ ထုတ်လုပ်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ Central Design Bureau of Mechanical Engineering အလုပ်ရုံမှာ နှစ်ပေါင်း ၈၀ ကြာ အတွေ့အကြုံရှိသော ဒီဇိုင်းဗျူရိုတစ်ခုဖြစ်ပြီး၊ အပူစွမ်းအင်သုံးစက်ပစ္စည်းများ၊ ရေအေးစနစ်၊ ပန့်စနစ်၊ ပိုက်လိုင်း စနစ်များကို အဓိကထားထုတ်လုပ်လျက်ရှိပါသည်။ ထို့အပြင် အပူစွမ်းအင်သုံးစက်ရုံများ၊ ရေယာဉ်တပ်ဆင်ထုတ်လုပ်မှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်းများ အစ ရှိသော နယ်ပယ်များတွင် လိုအပ်သောစက်ပစ္စည်းများ ထုတ်လုပ်ပေးခြင်းများအပြင် ဒီဇိုင်းများရေးဆွဲထုတ်လုပ် ပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။