၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၂၄ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၊ နံနက် ၀၉ : ၀၀ နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် က ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စတင်စိုက်ပျိုးပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများက စိန်တစ်လုံးသရက်ပျိုးပင် (၅၀၀)ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးကြပြီး စိုက်ပျိုးနေမှုများအား ပြည်ထောင်စု ဝန်ကြီးက လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ဓာတ်အားခွဲရုံများနှင့် ဝန်ထမ်းအိမ်ရာများရှိ မြေကွက်လပ်များ၌လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း စိန်တစ်လုံးသရက်ပင် ၁၃၀၀၀ ကျော် အား စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။