The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆  ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း နှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ထူးချွန် ဆုရဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ဂုဏ်ပြုသည့် အခမ်းအနားဖြစ်သည့်အတွက် ထူးချွန်ဆုရရှိသူများနှင့်အတူ ကျောင်းသားမိဘများပါ ဝမ်းမြောက်ဂုဏ်ယူရမည့် မင်္ဂလာ အခမ်းအနားဖြစ်သကဲ့သို့ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ အားလုံးအတွက်လည်း အားကျအတုယူဖွယ်ရာစံနမူနာပြသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူကြို၊ မူလတန်း၊ အလယ်တန်းအဆင့်တွင် ပညာသင်ကြားနေသည့် ဝန်ကြီးဌာနဝန်ထမ်းများ၏ သား/သမီးများကို ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အထက်တန်းနှင့်တက္ကသိုလ် အသီးသီးတို့တွင် တက်ရောက် ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏ သား/သမီးများကိုလည်း ပညာသင်စရိတ်ထောက်ပံ့ ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့် အောင်မြင်သူများကို ဂုဏ်ပြုငွေ၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ထိုက်ထိုက်တန်တန် ချီးမြှင့်မည့်အပြင် သင်တန်းအသီးသီးတွင် ထူးချွန်ဆုရဝန်ထမ်းများကိုလည်း ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းသား/သမီးများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်း(၁၈၉)ဦး အောင်မြင်ခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် အမျိုးသား ပညာရည်မြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ပညာသင်ကြားရေးကို ပထမဦးစားပေး အဖြစ် ဆောင်ရွက်လျက်ရှိပြီး အခမဲ့ပညာသင်ယူရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင် ကြသည့် ကျောင်းသား/ကျောင်းသူများအနေနှင့် ပညာရည်မြင့်မားတိုးတက်ပြီး အနာဂတ် မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်းနှင့် ထူးချွန်ဝန်ထမ်းများ အနေဖြင့်လည်း ကျရာတာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်း ကောင်းအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သား/သမီးများအား ပညာသင်ထောက်ပံ့ ကြေးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ဇနီးက (၅)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအားလည်းကောင်း၊ ဌာနအကြီးအကဲများက (၄)ဘာသာဂုဏ်ထူးနှင့် (၃)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် တစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီး အကဲများသည် ထူးချွန်ဆုရဝန်ထမ်းများ၊ ဂုဏ်ထူးရကျောင်းသား/သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ နံနက်စာကို အတူတကွသုံးဆောင်ခဲ့ကြပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၃၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၀၉)ဦး၊ စုစုပေါင်း (၁၈၉)ဦးတို့ အောင်မြင်ခဲ့ပြီး ၎င်းတို့အား ဝန်ကြီးဌာနမှ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Jun-2023