၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၃၀ ) ရက်
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကကြီးများ ၊ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အဖွင့်အမှာစကား ပြောကြားရာ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်ရရှိနိုင်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံ အတွင်း ဟန်ချက်ညီ ပို့လွှတ်နိုင်ရန်အတွက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ရေကို နိုဝင်ဘာလမှ မတ်လအထိ စုဆောင်းခဲ့ပြီး စနစ်တကျ စီမံခန့်ခွဲ၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ လာမည့်နွေရာသီကာလအတွက် လိုအပ်မည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး နေအား၊ လေအားနှင့် ရေအား စသည့် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များဖြင့်လည်းကောင်း၊ အပူစွမ်းအင်သုံး စွမ်းအင်အရင်း အမြစ်များဖြင့်လည်းကောင်း ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအနက် မြန်မာနိုင်ငံမြစ်ကြီးများ၏ ရေအရင်းအမြစ်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲနိုင်ရေးအပြင် စိုက်ပျိုးရေ ပိုမိုပေဝေနိုင်ခြင်းဖြင့် စိုက်ပျိုး မြေများပိုမိုဖော်ထုတ်လာနိုင်ရေးနှင့် မြစ်ကြောင်းအတွင်းသွားလာမှု ပိုမိုမြန်ဆန်နိုင်ရေးတို့ အတွက် စူးစမ်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အနိမ့်တမံစနစ် ရေအားလျှပ်စစ် စီမံကိန်းများအတွက် လျာထားနေရာများကို လေ့လာခဲ့ပြီး တွေ့ရှိရသည့် မြစ်ကမ်းပါး(၂)ဖက် ကျောက်ပေါ်ထွက်မှု၊ ရေလမ်းကြောင်းသွားလာမှုအခြေအနေ၊ ရေမျက်နှာပြင်အကျယ်၊ ရေအနိမ့်အမြင့်ကွာခြားမှု၊ ရေအတိမ်အနက်၊ ရေစီးနှုန်း၊ မြစ်ရေထုထည်စီးနှုန်း၊ သဲနုန်း ပို့ချမှု၊ မြစ်အရည်အသွေး၊ မြစ်ကြောင်းပြောင်းလဲမှု၊ ဘူမိဗေဒနှင့် မြေငလျင်ဆိုင်ရာ အခြေ အနေများကို ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ တမံကြီး များဆိုင်ရာ အမျိုးသားကော်မတီမှ ပညာရှင်ကြီးများက နည်းပညာပိုင်းဆိုင်ရာများအား ပွင့်လင်းရင်းနှီးစွာဖြင့် အကြံပြု ဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပါသည်။
၎င်းနောက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ပင်မမြစ်ကြောင်းများနှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် ဓာတ်အားပေး စက်ရုံ တည်ဆောက်နိုင်မည့်အခြေအနေများ၊ ပဏာမ စူးစမ်းလေ့လာခဲ့သည့် အနိမ့်တမံ စီမံကိန်း များဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ၏ နာယကများ၊ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ အချက်အလက် အသေးစိတ် ရရှိနိုင်ရေးအတွက် လေ့လာစူးစမ်းသုံးသပ်မှုများအား အချိန်ယူ၍ ဆောင်ရွက်သင့်ကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှုများနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ပြီး၊ ပင်လယ်ဆားငံရေ ဝင်ရောက်နိုင်မှု အခြေအနေကိုလည်း ဂရုပြုလေ့လာရမည်ဖြစ်ပါကြောင်း၊ ဒီဇိုင်းအယူအဆများနှင့် ပတ်သက်၍ လည်းအနည်ကျမှုနှင့် သဲနှုန်းပို့ချမှုများကို အသေးစိတ် တိုင်းတာလေ့လာပြီး အချက်အလက် အမှန်များ ရရှိနိုင်ရန် ဆောင်ရွက်ခြင်း၊ မြစ်ကမ်း (၂ )ဘက်စလုံးကို အသေးစိတ် လေ့လာခြင်း၊ ရေလမ်းထိမ်းတံခါးများအား မြစ်ကြောင်းသွားလာမှု အချက်အလက်များအပေါ် အခြေခံ၍ ထည့်သွင်း တည်ဆောက်ခြင်း၊ ရေလွှဲစနစ်ကို အသေးစိတ်လေ့လာ တွက်ချက်ရွေးချယ်ခြင်း တို့ကို ဂရုတစိုက် ဆောင်ရွက်သင့်ပါကြောင်း၊ ဘူမိဗေဒ လေ့လာဆန်းစစ်မှုသည် အဓိကကျပါကြောင်း၊ အသေးစိတ်တိုင်းတာရရှိသော အချက်အလက်များကို အခြေခံ၍ Physical Model test များဖြင့် အဆင့်ဆင့် လေ့လာခြင်းနှင့် လုပ်ငန်းဆောင်ရွက်သည့် Phase by Phase အဆင့်တစ်ခုချင်းစီကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးပါဝင်သော ကော်မတီဖြင့် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက် သွားရမည် ဖြစ်သည့်အပြင် Cost / Benefit ကို အဓိကထား သုံးသပ်သင့်ကြောင်းနှင့် နိုင်ငံတကာအတွေ့အကြုံရှိသည့် အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု တို့ကို အသီးသီး အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးပွဲတွင် အသေးစိတ် ဆွေးနွေးပြောကြားမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆွေးနွေးပွဲမှရရှိသော အကြံပြုချက်များကို ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အကောင်းဆုံးဖြစ်သည့် နေရာများတွင် စူးစမ်း လေ့လာမှုများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံအသစ်များကို လူငယ်ဝန်ထမ်းများ ရရှိနိုင်စေရေး Capacity Building အစီအစဉ်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ အစီအစဉ်အား ရုပ်သိမ်းခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု၊ ဓာတ်အားခကောက်ခံရရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှ စနစ်တကျ ကြပ်မတ်ကွပ်ကဲပြီး မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ထားရှိရန် တို့နှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။