၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၁၅ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု၊ ဓာတ်အားခကောက်ခံရရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးတို့နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာ/ လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်တို့က မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေ၊ လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှုနှင့် လျော့နည်းအောင် ဆောင်ရွက်ထားမှုအခြေအနေ၊ ခရိုင်/မြို့နယ်များ အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားခွဲဝေမှုအခြေအနေ တို့အား ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ခရိုင်ဘဏ္ဍာရေး တာဝန်ခံများက မိမိတို့ခရိုင် အလိုက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ၏ ဓာတ်အားရရှိ၊ ဖြန့်ဖြူးပေးထားမှုနှင့် ဓာတ်အားခ တောင်းခံ၊ ရရှိ၊ ကြွေးကျန်ဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားခ ကြွေးကျန်များအား ရာနှုန်း ပြည့်ကောက်ခံရရှိရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဘဏ္ဍာငွေသုံး စွဲခြင်းများနှင့် ပတ်သက်၍ အလွဲသုံးစားမှုများ မဖြစ်စေရန်အတွက် မြို့နယ်များ၏ ငွေစာရင်းများအား စစ်ဆေးနိုင်ရန် ဝန်ကြီးဌာနမှ စုဖွဲ့စေလွှတ်သည့် အဖွဲ့များဖြင့် စေလွှတ်၍ စစ်ဆေးခြင်းများရှိသကဲ့သို့ မိမိအနေဖြင့်လည်း လိုအပ်သည်များကို မှာကြားလို၍ လာရောက် ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ငွေလက်ခံနေသည့် ဓာတ်အားခများသည် နိုင်ငံတော်၏ ရန်ပုံငွေများဖြစ်၍ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိ သူများအနေဖြင့်လည်း အဆင့်ဆင့် အမြဲမပြတ်စစ်ဆေးကြပ်မတ်နေရန် လိုအပ်ပါကြောင်း၊ ခရိုင်အဆင့်များသည် မြို့နယ်များနှင့် အနီးကပ်ဆုံးရှိ၍ စနစ်တကျ စစ်ဆေး ကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေနှင့် ပတ်သက်၍ အလွဲသုံးစားမှုများ ဖြစ်ပေါ်ပါက တာဝန်ရှိသူ အဆင့်ဆင့်အား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်စဉ် ကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ရရှိရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့နယ်အလိုက် မီးသုံးစွဲသူများမှ သုံးစွဲမှုအလိုက် မီတာအမျိုးအစားများကိုလည်း ခွဲခြား မှတ်တမ်းတင်ထားရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း စိစစ်ခြိုးခြံချွေတာ၍ သုံးစွဲရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် လုပ်ဆောင်မှုများတွင် စိတ်စေတနာ ကောင်းနှင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ရှိပါကလည်း မိမိတို့အခက်အခဲများ ကို တင်ပြ၍ တာဝန်ရှိသူများမှ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအရ ခန့်အပ်ခွင့်ပြုထားသော ဝန်ထမ်းများ၏ သတ်မှတ်အင်အားများအတိုင်း ရအောင် ရာထူးတိုးမြှင့်ခြင်း၊ ခန့်အပ်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဌာနတွင်း သင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက် သင်ကြား လေ့ကျင့်ပေးနေကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံမှ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေး၍ တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။