၂၀၂၃ခုနှစ် ဇူလိုင်လ ၂၁ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျေးရွာများတွင် ပျက်စီးသွားသည့် ၁၁ကေဗွီနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုလို မုန်တိုင်းအလွန်ကာလတွင် ကျေးရွာများရှိ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး အခက်အခဲကြားမှ လာရောက်ကူညီဆောင်ရွက်ပေးကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျေးရွာများရှိ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမျိုးစုံရှိသည်ကို နားလည်သိရှိပါကြောင်း၊ ဌာနမှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်ပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးနိုင်ရေး သက်ဆိုင်ရာတာဝန်ခံ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့်ပူးပေါင်း၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုစိုက်ဆောင်ရွက် ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာများတွင် ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်နေကြသည့် အဖွဲ့များက မြေပြင်တွင်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေတို့အား အသီးသီးတင်ပြကြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးကိုကိုနိုင်၊ ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း တင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် မိုခါမုန်တိုင်းဒဏ် ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားခဲ့သည့် မြို့နယ် (၁၀) မြို့နယ် အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများသို့ အမြန်ဆုံး ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းရှင်းလင်းပြီး မှတ်တမ်းထားရှိ၍ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်း များအား စနစ်တကျပြန်လည်အသုံးပြုပေးကြရန်၊ အန္တရာယ်ကင်းရှင်းစွာဖြင့် ဌာနမှသတ်မှတ်ထားသည့် ကာလအတွင်း စံချိန်စံညွှန်းပြည့်မီပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေး ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညိှနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။