The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် International Solar Alliance (ISA) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ၊ အဘူဒါဘီမြို့သို့ ရောက်ရှိခဲ့ကြပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့ ဒေသစံတော်ချိန် (၁၅ : ၀၀) နာရီ၌ International Solar Alliance (ISA) မှ ညွှန်ကြားရေးမှူးချုပ် Dr Ajay Mathur နှင့် အဖွဲ့ဝင်များအား အဘူဒါဘီမြို့၊ Sheraton Abu Dhabi Hotel & Resort အစည်းဝေးခန်းမတွင် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။

   ထိုသို့ပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်မှ ပြောကြားရာ၌ မြန်မာနိုင်ငံ အတွင်း နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ဆက်လက်၍ ထပ်မံဆောင်ရွက်ရန် စီမံထားမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအနေဖြင့် United Nations Framework Convention on Climate Change (UNFCCC) ၏ဆုံးဖြတ်ချက်နှင့်အညီဖြစ်စေရန် ၂၀၃၀ ပြည့်နှစ်တွင် ပြန်ပြည့်မြဲစွမ်းအင် ၁၁% ပါဝင်ရန် နိုင်ငံတော်၏ လျာထားချက်အဖြစ် ကတိပြုထားသည့် မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျောညီထွေရှိစေရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (Nationally Determined Contribution - NDC) ကို ဖော်ဆောင်ခဲ့ပါကြောင်း၊ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိပါက ပြန်ပြည့်မြဲစွမ်းအင် ၁၇% သို့ တိုးမြှင့်ရန်ကတိပြုထားပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားစနစ်ကို smart grid အဖြစ်အဆင့်မြှင့်တင်ရန်၊ National Control Center ၊ smart metering system တို့ကို အဆင့်မြှင့်တင်ရန် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု လိုအပ်လျက်ရှိပါကြောင်း၊ နေရောင်ခြည်စွမ်းအင်များဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုများအတွက် ပေါင်းစပ်ဘဏ္ဍာ‌ရေး (Blended Finance) စီမံဆောင်ရွက်မှုများအတွက် အကူအညီပေးစေလိုပါကြောင်း၊ ဌာနမှဝန်ထမ်းများ၊ ပုဂ္ဂလိကဏ္ဍမှ နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသူ များအတွက် နေရောင်ခြည်စွမ်းအင် အသုံးချနည်းပညာများကို လေ့လာနိုင်ရေး ဆောင်ရွက်ပေးစေ လိုကြောင်း ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် Dr. Ajay Mathur မှ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးအနေဖြင့် ISA ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ISA တွင် တက်ကြွစွာပါဝင်ပေးသည့် အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများမှာ ကျေနပ် အားရဖွယ်ဖြစ်ပါကြောင်း၊ နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ISA အနေဖြင့် Global Solar Facility ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူ များကို ဆွဲဆောင်နိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စီမံကိန်းဆိုင်ရာစာချုပ် ချုပ်ဆိုခြင်းနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာမသေချာမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ Global Solar Facility တွင် ငွေပေးချေမှုအာမခံချက်၊ အာမခံ ရန်ပုံငွေ၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖြစ် အပိုင်း ၃ ပိုင်း ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းတို့ကို ဖြေရှင်းဆောင်ရွက်နိုင်ပါက နေရောင်ခြည်စွမ်းအင်များဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်လာမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် Solar Technology and Applications Research Center (STAR-C) အစီအစဉ်အောက်မှ နည်းပညာဆိုင်ရာ အထောက် အကူပေးနိုင်မည်ဖြစ်ပြီး   နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသူများအတွက် နေရောင်ခြည်စွမ်းအင် အသုံးချနည်းပညာများကို လေ့လာနိုင်ရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။  

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် (၁၀:၀၀) နာရီတွင်ကျင်းပသည့် ISA ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ISA ၏ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များ၊ ISA  Flagship Initiatives များဖြစ်သည့် Solar Facility SolarX Grand Challenge နှင့် Solar Technology and Applications Research Center (STAR-C) တို့အောက်မှ လုပ်ငန်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေရှိစေရေးဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များမှ ပြန်ပြည့်မြဲ စွမ်းအင်ဆောင်ရွက်မှုအခြေအနေများနှင့် ကြုံတွေ့ရသောအခက်အခဲများကိုဆွေးနွေးခဲ့ပြီး အခြားအဖွဲ့ဝင် နိုင်ငံများမှလည်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

   အဆိုပါ အစည်းအဝေးတွင် ISA အဖွဲ့ဝင်နိုင်ငံများ ၊ အာရှနှင့်ပစိဖိတ်‌ဒေသမှ ISA သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသောနိုင်ငံများ၊ နောင်အနာဂတ်တွင် အဖွဲ့ဝင်များ ဖြစ်လာမည့် နိုင်ငံများ၊ ISA မိတ်ဖက်အဖွဲ့အစည်းများနှင့် အထူးဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
25-Jul-2023