The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်

   အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ ၊ အဘူဒါဘီမြို့သို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေး တက်ရောက်ပြီးနောက်  ဇူလိုင်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် ( ၁၅ : ၀၀ ) နာရီတွင် Ground Mounted Solar တပ်ဆင်အင်အား(၁၀) မဂ္ဂါဝပ်နှင့် Roof Top Solar (၁) မဂ္ဂါဝပ်တပ်ဆင်ထားရှိသော Masdar City Project တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ သွားရောက်လေ့လာခဲ့ကြပါသည်။

   Masdar City Project စီမံကိန်းရုံးသို့ရောက်ရှိရာ စီမံကိန်းတာဝန်ရှိသူမှ ရှင်းလင်းဆောင်တွင် စီမံကိန်း ဆောင်ရွက်ရသည့် ရည်ရွက်ချက် နှင့်ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်လင်းပြောကြားရာ Masdar City သည် ပိုမိုစိမ်းလန်းပြီး ရေရှည် တည်တံ့သော မြို့ပြလူနေမှုဘဝကို သိရှိနားလည်ရန်၊ ဆန်းသစ်တီထွင်မှုများကို ဦးဆောင် နိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သုတေသနဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် အဓိက ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လျင်မြန်စွာဖွံ့ဖြိုးလာသည့် သန့်ရှင်းသော နည်းပညာများ ပေါင်းစပ်မှု၊ စီးပွားရေးကင်းမဲ့ဇုန်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ပြည်သူများအတွက် စိမ်းလန်းသောနေရာများပါရှိသည့် မြို့တော်၏စံပြလူနေရပ်ကွက် တစ်ခုကို တည်ဆောက် နေသော စီမံကိန်းဖြစ်ပြီး ပထမဆုံး စူးစမ်းလေ့လာချက်အဖြစ် အဆောက်အဦများ၏ ပြုပြင် ထိန်းသိမ်းခြင်း နှင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချရန်အတွက် စွမ်းအင် သုံးစွဲမှုပုံစံ ပြောင်းလဲခြင်း နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားကြောင်း၊ Masdar City သည် ဖွံ့ဖြိုး တိုးတက်ရေး သုတေသနပြုခြင်းနှင့် ဆန်းသစ်တီထွင်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟို အချက်အချာဖြစ်လာစေရန် ရည်ရွယ်ထားပါကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု နည်းသော စွမ်းအင် အသုံးပြုမှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန် နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၏ ကာဗွန်အသားတင် ထုတ်လွှတ်မှု မျှခြေရှိစေရေး ရည်မှန်းချက် (Carbon Net Zero) ပန်းတိုင်ကိုပံ့ပိုးပေး မည်ဖြစ်ပါကြောင်း၊ Masdar City စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ၂၀၂၃-ခုနှစ် နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် Parties of Conference-28 (COP-28)  ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အခွင့်အလမ်းရရှိ ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စီမံကိန်းဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

   ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၆ ရက်နေ့ ဒေသစံ တော်ချိန် (၁၁ : ၀၀) နာရီတွင် အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကော်မတီ ဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေး၏ ဒုတိယနေ့အဖြစ် In Person နှင့် Online ပူးတွဲကျင်းပ သော ဆက်စပ်အစည်းအဝေးများကို တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး ပထမပိုင်းတွင် ISA Programmes and Green Grid Initiative - One Sun One World One Grid - GGI-OSOWOG) နေတစ်စင်း၊ ကမ္ဘာတစ်ခု ဓာတ်အားကွန်ယက်တစ်ခုအတွက် အစိမ်းရောင် ဓာတ်အားလိုင်း မိတ်ဆက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင် ဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းများ ဆောင်ရွက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆောင်ရွက်နေမှုများ၊ ASEAN ၊ BEMSTEC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ကိုဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှုလျော့ချရန် အတွက်နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းများ၏အခန်းကဏ္ဍ ၊ စွမ်းအင်ပေါ်လစီ၊ လုပ်ထုံးလုပ်နည်း များ၊ စွမ်းအင်စီမံဆောင်ရွက်သည့် အဖွဲ့အစည်းများကို အပြောင်းအလဲ ဆောင်ရွက်ရန် လိုအပ်ချက် များ၊ နေတစ်စင်း၊ ကမ္ဘာတစ်ခု ဓာတ်အားကွန်ယက်တစ်ခုအတွက် လည်ပတ်ထိန်းချုပ်နိုင်မည့် မူဘောင်ချမှတ်ရန် လိုအပ်ချက်များ၊ သင့်တော်သော စီးပွာရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့်ပုံစံ (Bussiness Model) လိုအပ်ချက်များ အပေါ် ဆွေးနွေးခဲ့ကြပါသည်။

    ထိုနောက်အစည်းအဝေး ဒုတိယအပိုင်းတွင် Solar Storage ခေါင်းစဉ်ဖြင့်ဆွေးနွေး ခဲ့ကြပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသ ( Middle East and North Africa-MENA) တွင် သုတေသနပြုလုပ်ထားသည့်  ၂၀၃၀ ခုနှစ်အထိ Energy Storage System (ESS) လိုအပ်ချက်နှင့် စီမံဆောင်ရွက်ထားရှိမှုများ ၊ Long Duration Energy Storage  ကိုအသုံးပြု၍ ပြန်ပြည့်မြဲစွမ်းအင်မှဓာတ်အားဖြန့်ဖြူးနိုင်သည့် လေ့လာချက်များ၊ Pump Storage Hydropower အသုံးပြုခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ကာဗွန်အသားတင်ထုတ်လွှတ်မှု မျှခြေရှိစေရေး ရည်မှန်းချက် အောင်မြင်ရန် လမ်းပြမြေပုံတို့ကို ဆွေးနွေးခဲ့ ကြပါသည်။

  ထိုနောက်ကိုယ်စားလှယ်အဖွဲ့သည် နေရောင်ခြည်စွမ်းအင်သုံးမြင်းကောင်ရေ(၁)ကောင်မှ(၁၀၀)အင်အားရှိ (1 HPမှ100 HP) Solar Pumps များ ခင်းကျင်းပြသမှုကို လေ့လာခဲ့ကြပါသည်။ နေ‌ရောင်ခြည်စွမ်းအင်သုံးပန့်များ အသုံးပြုခြင်းဖြင့် စိုက်ခင်းဧရိယာကို ပုံမှန်စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ပြီး ကျေးလက်ဒေသ သောက်သုံးရေရရှိရေးအတွက်လည်း အသုံးပြုသင့်ကြောင်း တွေ့ရှိရပါသည်။

   ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၇ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ ၊ အဘူဒါဘီမြို့ မှပြန်လည်ထွက်ခွာ လာခဲ့ပြီး မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၈ ရက် ညနေ (၁၆း၃၀)တွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
28-Jul-2023