The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၀ ) ရက်             

   ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူခြင်းအခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်း အခမ်းအနားနှင့် ရေစက်ချမဟာမင်္ဂလာအခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ် ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း အခမ်းအနားများကျင်းပပြုလုပ်မည့်နေရာ၊သံဃာတော်များသီတင်းသုံးမည့်နေရာ၊ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးမည့် ဓာတ်အားခွဲရုံများ၏ ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် အရန်မီးစက်များ နေရာချထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ပွဲတော်ကျင်းပနေစဉ်အတွင်း ဖြန့်ခွဲထားရှိသည့် နေရာများအတိုင်း တာဝန်များကိုအသေးစိတ်ချထား တာဝန်ပေးအပ်ထားရန် လိုအပ်ပါကြောင်း၊   ပွဲတော်မတိုင်မီ အများဆုံးသုံးစွဲသည့် ဝန်အားများအတိုင်း စမ်းသပ်မောင်းနှင်ထားရန် လိုအပ်ပါ ကြောင်း၊ နေရာအလိုက် မီးစက်များချထားမှုအပြင် အရန်မီးစက်များ၊ UPS များလည်း ချထားပြီး ဖြစ်ပါသဖြင့်သွယ်တန်းထားရှိသည့် ဓာတ်အားလိုင်းများကို မတော်တဆ ထိခိုက်ပြတ်တောက်မှု မဖြစ်စေရေး သန့်ရှင်းသပ်ရပ်စွာ လိုင်းများဆွဲသားထားရန် လိုအပ်ပါကြောင်း၊ နေရာအလိုက် မီးစက်၊ အရန်မီးစက်၊ UPS များအပြင် နိုင်ငံတော်ဓာတ်အားစနစ်မှ ပို့လွှတ်သည့်ခွဲရုံမှာလည်း ခွဲရုံ(၂)ရုံမှ လိုင်း(၂)လိုင်းအပြင် အရန်ဓာတ်အားလိုင်းများလည်း ရှိပြီးဖြစ်၍ ၎င်းအရန် ဓာတ်အားလိုင်းများတွင်လည်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းနေစေရန်နှင့် ဓာတ်အားလိုင်းလမ်းကြောင်း တစ်လျှောက်နှင့် ခွဲရုံများတွင်လည်း တာဝန်များအပိုင်းလိုက် ချထားရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင်လည်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်မှုအပြင် အနီးဆုံးထုတ်လုပ်နိုင်သည့် ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကိုလည်း အသင့် မောင်းနှင်ထားရန် လိုအပ်ပါကြောင်း၊  အရန်မီးစက်များ ထားရှိသည့်နေရာဝန်းကျင်တွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရန်အတွက် မီးကြိုးများဆက်သွယ်အသုံးပြုရာ၌ စနစ်တကျဆက်သွယ် အသုံးပြုရေး၊ မိုးတွင်းကာလဖြစ်သဖြင့် ရေများဝပ်မနေစေရေးအတွက် ရေထွက်မြောင်းများ စနစ်တကျပတ်လည် တူးဖော်ထားရန် လိုအပ်ကြောင်းတို့ကို  မှာကြားခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း အခမ်းအနားများ ကျင်းပပြုလုပ်မည့်နေရာအားလည်းကောင်း၊ သံဃာတော်များ သီတင်း သုံးမည့်နေရာများအားလည်းကောင်း၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးမည့် ဓာတ်အားခွဲရုံ      များအားလည်းကောင်း အသီးသီးသွားရောက်၍ အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Jul-2023