The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၂ ) ရက်

   နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့်  (Gasifier) နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရင်း အမြစ်မျိုးစုံမှထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်၌ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနတွင် တပ်ဆင်အင်အားအနေဖြင့် (၇၁၈၁) မဂ္ဂါဝပ်ရှိသော်လည်း အမြင့်ဆုံးထုတ်လုပ်နိုင်မှုမှာ (၂၅၉၀) မဂ္ဂါဝပ်သာ ရှိပါသဖြင့် သုံးစွဲမှုထက် ထုတ်လုပ်မှုမှာ လျော့နည်းနေပါကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် တပ်ဆင်အင်အား စက်ရုံများ၏ အခြေ အနေအရ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများကိုသာ အဓိကထား ထုတ်လုပ် နေပါကြောင်း၊ ထိုသို့လျော့နည်းထုတ်လုပ်နိုင်ခြင်းမှာလည်း အယ်နီညို၏ သက်ရောက်မှုအရ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ရေဝင်ရောက်မှု လျော့နည်းနည်းပါးသဖြင့် လာမည့်နွေရာသီအမီအထိ သုံးစွဲနိုင်ရန် ထိန်းညှိမောင်းနှင်ရ၍ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့မှာလည်း လျော့နည်းရရှိနေ၍ဖြစ်ပါကြောင်း၊ သို့ပါ၍ ၂၀၃၈ ခုနှစ်ထိ တိုးတက် ထုတ်လုပ်နိုင်ရန် နှစ်အလိုက် လိုအပ်ချက်များကို အသေးစိတ်တွက်ချက်ပြီး စီမံဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့ တစ်ပိုင်တစ်နိုင် (Gasifier)မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ ဆောင်ရွက်သကဲ့သို့ Biomass မှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု များကို ဝန်ကြီးဌာနအနေဖြင့် နည်းပညာအရလည်းကောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ရောင်းချပါက ဝယ်ယူနိုင်ရန်အတွက်လည်းကောင်း၊ လိုအပ်သည်များကိုဖြည့်ဆည်းပေးရန် အဆင်သင့်ရှိပါကြောင်း၊ လောလောဆယ်ကာလတွင်လည်း မြောင်းမြတွင် လျှပ်စစ် ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေသည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားကို ဝယ်ယူရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူပြုမှာဖြစ်သည့်အတွက် Gasifier  နည်းပညာပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

   ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လက်ရှိလည်ပတ်လျက်ရှိသော စပါးခွံလောင်စာသုံး (Gasifier)စက်ရုံများမှ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က Gasifierနှင့် စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားရှိသည့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရွက်နေသော စက်ရုံများအပေါ် စစ်ဆေးတွေ့ရှိချက်များအားလည်းကောင်း၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်နိုင်သော Biomass ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်မည့် အခြေအနေအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။ ၎င်းနောက် အစည်း အဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် Gasifier နည်းပညာနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်များ၊ နည်းပညာ ပိုင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းအခြေအနေများ၊ လက်ရှိဆောင်ရွက် လျက်ရှိသော Gasifier စက်ရုံများအား ကွင်းဆင်းလေ့လာစစ်ဆေးမှုအရ တွေ့ရှိချက် များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။        

   ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က  ဖြည့်စွက်ဆွေးနွေးရာတွင် လက်ရှိဆောင်ရွက်နိုင်သော Gasifier နည်းပညာအရ လိုအပ်ချက်များကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ လိုက်နာနိုင်မည့်နည်းပညာဆိုင်ရာ ဆန်းစစ်ချက်များကို နည်းပညာတက္ကသိုလ်များမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မီ နည်းပညာအရ Gasifier များ ဖြစ်လာစေရေး ဝန်ကြီးဌာနအနေဖြင့် ဆက်လက်စူးစမ်းလေ့လာသတ်မှတ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းတို့အား ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက  ဖြည့်စွက်ဆွေးနွေးရာတွင် Gasifier နည်းပညာနှင့်ပတ်သက်၍ လိုအပ်သော Design နှင့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနများအကြား ဆက်လက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားစနစ်နှင့်ချိတ်ဆက် ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆက်လက် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသောစီမံကိန်းဖြစ်သည့်အလျောက် အမြန်ဆုံးအောင်မြင်စေရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   ၎င်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က  နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးပွဲတွင် အသေးစိတ် ဆွေးနွေး ပြောကြားမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား အတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်ဖြစ်သည့်အလျောက် ဆက်လက်ပြီးအရှိန်အဟုန်မြှင့်၍ ဆွေးနွေးပွဲများပြုလုပ်ပြီး အကျိုး ဖြစ်ထွန်းစေမည့် Gasifier ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းများ နည်းပညာများရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ စံပြုပုံစံချရေးဆွဲ ဆောင်ရွက်ရာတွင် ၁၀၀ ကီလိုဝပ်မှ ၃၀၀ ကီလိုဝပ်အထိ အိမ်သုံး/ကျေးရွာသုံးအဖြစ်လည်းကောင်း၊ ၃၅၀ ကီလိုဝပ်အထက်အား စက်မှုသုံး/စပါးဆန်စက်သုံးနှင့် ၁ မဂ္ဂါဝပ်ကျော်ပါက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် စက်မှုလုပ်ငန်းသုံးများအဖြစ် သတ်မှတ်၍ Standard Operating Procedure (SOP) များ ရေးဆွဲဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

Post under by : ဝန်ကြီးရုံး
02-Aug-2023