The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဲခူတိုင်းဒေသကြီးအတွင်းရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (  ၃၀  )ရက်       

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၏အနောက်ဘက်(၇)မိုင်ခန့် အကွာရှိ ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု  အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံရှင်းလင်းဆောင်သို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ပေးနေမှု အခြေအနေများနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။      

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ အဖွဲ့အစည်းတစ်ခု၏ တာဝန်ခံ အရာထမ်းများသည် အကြီးအကဲများဖြစ်သည့်အလျှောက် မိမိလက်အောက်ရှိ ဝန်ထမ်းများကို လုပ်ငန်းများဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအပေါ် ၎င်းတို့၏အကောင်အထည်ဖော်နိုင်မှုအား စစ်ဆေးကြပ်မတ် နေရန်လိုအပ်ပါကြောင်း၊ စက်ရုံများအနေဖြင့် အသစ်တည်ဆောက်ခြင်းများ မပြုလုပ်နိုင်မီ ကာလတွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်း မောင်းနှင် သွားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ အိမ်ရာများတွင်လည်း လူနေထိုင်ခြင်းမရှိသည့် အိမ်ခန်းများကို ပျက်စီးမှုမရှိစေရေး ၎င်းအိမ်ခန်းအနီးရှိ နေထိုင်သူဝန်ထမ်းများကို ထိန်းသိမ်းနိုင်ရေးတာဝန် ပေးအပ်ထားရန်လိုအပ်ပါကြောင်း၊ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန် အတွက် စက်များ၏ကြံ့ခိုင်ရေးကိုလည်း စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်ရုံမှူးမှ မိမိ၏ဝန်ထမ်းများကိုလည်း အမြဲမျက်ခြေမပြတ် အုပ်ချုပ်မှု ဆိုင်ရာလိုအပ်ချက်များကို ဆောင်ရွက်ပေးသကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ပေးရန်လိုအပ် ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျှောက် နိုင်ငံတော်အပေါ်သစ္စာ စောင့်သိရိုသေကြရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ပါကြောင်း၊ တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေများအတိုင်း မိမိကိုယ်ကိုယ်မိမိ ထိန်းသိမ်းပြီး ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံကြရန်လိုအပ်ပါကြောင်းနှင့် စက်ရုံများ၌ အရေးပေါ်လိုအပ်ချိန်တွင် အစားထိုးတပ်ဆင်နိုင်ရန် ထရန်စဖော်မာများကို အရန်အဖြစ်ထားရှိသွားရန်လိုအပ်ကြောင်းတို့အား   မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပေးနေမှုနှင့် တာဘိုင်စက်ခန်းအတွင်း ဓာတ်အားပေးစက်များမောင်းနှင်နေမှု အခြေအနေများအား လည်းကောင်း၊ Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှု အခြေအနေများအားလည်းကောင်း၊  ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲနှင့် ပင်မတမံကြံ့ခိုင်မှုအခြေအနေတို့အား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

   အဆိုပါ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပဲခူတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်ဘက်(၇)မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်ထားပြီး စက်တပ်ဆင်အင်အား (၂၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်(၂) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား(၄၀)မဂ္ဂါဝပ်မှ တစ်နှစ်လျင်ပျှမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၂၀ သန်းကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်လျက်ရှိသော ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Sep-2023